ကန့်ဘလူ၌ ပျူစောထီးဟုဆိုသူများက ၎င်းတို့ကိုဆန့်ကျင်သည့် ပြည်သူ့နေအိမ်များကို မီးလိုက်ရှို့၊ စစ်သင်တန်းမတက်လျှင် တစ်အိမ်သုံးသောင်းကောက်နေ

ဓာတ်ပုံ - စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ထားသည့် ၎င်းတို့အခေါ် ပြည်သူစစ်အဖွဲ့ဝင်များနှင့် ဘုန်းကြီးဝါသဝ

ကန့်ဘလူ၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ဘက်ရှိ ပေကုန်းကျေးရွာတွင် စစ်တပ်ကသင်တန်းပေးထားသည်ဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင်များက အောက်တိုဘာ (၆) ရက်နှင့် (၇) ရက်တို့တွင် ၎င်းတို့အားဆန့်ကျင်သည်ဟု ယူဆသည့် ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက လူငယ့်ခေတ်သို့ ပြောသည်။

စစ်ကောင်စီက ခန့်အပ်ထားသည့် ပေကုန်း(တောင်)ကျေးရွာအုပ်ချုပ်ရေးမှူးဖိုးကျော်နှင့် ၎င်း၏ညီဖြစ်သူ ပျူစောထီးအဖွဲ့ခေါင်းဆောင်မောင်ညိမ်းတို့က ဦးဆောင်ပြီး စစ်တပ်ကသင်တန်းပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များက ကျေးရွာတွင်းရှိ ပြည်သူပိုင်နေအိမ် (၃) လုံးကို အောက်တိုဘာ (၆) ရက်နေ့ကမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ပျူစောထီးအင်အား (၂၅) ယောက်လောက်နဲ့ စခ(စစ်ကောင်စီတပ်သား) (၅) ယောက်လောက်ရှိတယ်။ အိမ်တွေကိုပဲ မီးရှို့တာ၊ လူတွေကိုတော့ဘာမှမလုပ်သွားဘူး။ သူတို့က ရွာမှာအစည်းဝေးခေါ် စာရင်းကောက်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို ပိုက်ဆံကောက်ပြီး စစ်သင်တန်းလည်း ပေးနေကြတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင်များသည် ယနေ့ အောက်တိုဘာ (၇) ရက်တွင်လည်း တော်လှန်ရေးတွင်ကျဆုံးသွားသည့် ရဲဘော်တစ်ဦး၏ မိသားစုဝင်များကိုရိုက်နှက်ခြင်းများမလုပ်ခဲ့သော်လည်း နေအိမ်ကို ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များအနေဖြင့် ပေကုန်း (တောင်) ကျေးရွာရှိ အသက် (၂၀) နှင့် (၃၀) ဝန်းကျင်အရွယ် လူငယ်များကိုလည်း စာရင်းကောက်ကာ စစ်သင်တန်းတက်ခိုင်းနေပြီး သင်တန်းမတက်သည့် မိသားစုများကို တစ်အိမ်လျှင် ကျပ် ၃၀၀၀၀ ခန့် ကောက်ခံခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သင်တန်းတက်ရမယ့်စာရင်းမှာပါတော့ မတက်ချင်လို့ထွက်ပြေးတဲ့သူ (၂) ယောက်ရှိတယ်။ တစ်ချို့ကလည်း မတက်ချင်ကြဘူး။ စီးပွားရေးနဲ့ မိဘတွေလူကြီးတွေရှိတော့ ထွက်ပြေးလို့အဆင်မပြေလို့ တက်နေရတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း မိဘတွေကိုငဲ့ပြီးတက်နေရတော့ မပျော်ကြဘူး။ မိဘတွေကလည်း သားသမီးတွေ ကြည့်ပြီး စိတ်မချမ်းသာကြဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါကျေးရွာရှိပျူစောထီးအဖွဲ့ဝင်များသည် ရွာထိပ်တွင်ဂိတ်ဖွင့်ကာ ဂိတ်ကြေးတောင်းခံခြင်းများလည်း ပြုလုပ်နေပြီး ၎င်းတို့ပေးသည့် သင်တန်းမတက်ရောက်သည့်မိသားစုများကိုလည်း ငွေကြေးကောက်ခံသည့်အပြင် ထမင်း၊ ဟင်းများပါချက်၍ ပို့ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေကတော့ ဘေးကျပ်နံကျပ်ပေါ့ဗျာ။ နီးရာဓားကြောက်နေရတာမို့ အနေအစား၊ အသွားမလာမချောင် ထိတ်လန့်နေရတာပါပဲ။ ပျူလုပ်တဲ့ကောင်တွေအများစုက လူရာမဝင်တဲ့ ကလေကချေ၊ ပညာမတတ်တဲ့ အသောက်သမားတွေ။ လူရာလဲမဝင်၊ လူတောလဲတိုးမရတဲ့ကောင်တွေပေါ့၊ စခ (စစ်သား) ဘက်က လက်နက်ပေးကိုင်မယ် အာဏာရှိတယ်ဘာညာ မက်လုံးပေးထားတော့ သူတိုတွေ လက်နက်ကိုင်ရင် ပြည်သူတွေကြောက်ပြီး ရိုသေကြမယ် အဖက်လုပ်ကြမယ်၊ လူရာဝင်လာမယ် ထင်ကြပုံပဲဗျ” ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

ပေကုန်း(တောင်)ကျေးရွာသည် အိမ်ခြေ (၄၅၀) ခန့်၊ လူဦးရေ (၂၃၀၀) ခန့်နေထိုင်သည့်ရွာကြီးတစ်ရွာဖြစ်ပြီး ရွာခံများမှာ စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးရွာတစ်ရွာဖြစ်သည်။

လက်ရှိအချိန်၌ ကန့်ဘလူမြို့နယ်အပါအဝင် ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် ၅၅၀ ဆရာတော်ဟု စစ်တပ်ထောက်ခံသူတို့ခေါ်ဆိုကြသည့် ဘုန်းကြီးဝါသဝကဦးဆောင်ကာ စစ်တပ်ကိုခေါ်၍ ပြည်သူများကို စစ်သင်တန်းများပေးနေသည်။

ထိုဘုန်းကြီးသည် PDF ထောက်ခံသည့်ရွာများကို မီးရှို့ပြစ်မည်ဟုလည်း ပြောဆိုခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ၎င်းလိုက်ပါလာသည့် ကားမှာ စက်တင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း မိုင်းဆွဲခံခဲ့ရသော်လည်း ထိခိုက်မှုမရှိခဲ့ပေ။


Lu Nge Khit


ကန့်ဘလူ၌ ပျူစောထီးဟုဆိုသူများက ၎င်းတို့ကိုဆန့်ကျင်သည့် ပြည်သူ့နေအိမ်များကို မီးလိုက်ရှို့၊ စစ်သင်တန်းမတက်လျှင် တစ်အိမ်သုံးသောင်းကောက်နေ ကန့်ဘလူ၌ ပျူစောထီးဟုဆိုသူများက ၎င်းတို့ကိုဆန့်ကျင်သည့် ပြည်သူ့နေအိမ်များကို မီးလိုက်ရှို့၊ စစ်သင်တန်းမတက်လျှင် တစ်အိမ်သုံးသောင်းကောက်နေ Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.