စစ်ကောင်စီနှင့်မပူးပေါင်းရန်ဘာသာရေးနှင့်လူမှုရေးအဖွဲ့များအား မြင်းမူတော်လှန်ရေးတပ်ဖွဲ့သတိပေး





စက်တင်ဘာ ၆ ၊ ၂၀၂၂ ။ 

စစ်ကောင်စီက ဘာသာရေးကိုခုတုံးလုပ်ပြီးPDFများကိုဖြိုခွင်းရန်ကြိုးပမ်းနေသောကြောင့်ဘာသာရေးနှင့်လူမှုရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်  ပလဖ-မြင်းမူ ပြည်သူ့လုံခြုံရေးအဖွဲ့က ယနေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

ယခုအချိန်ကာလသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား ပြည်သူလူထုအားလုံးအနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တွန်းလှန် တိုက်ထုတ်နေသောအချိန်ကာလဖြစ်သည်။ 

တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီသည် အဘက်ဘက်မှ အထိနာလာပြီး စစ်ပမ်းနေပြီဖြစ်သည်။ 

စစ်ကောင်စီတပ်များသည် တော်လှန်ရေးအင်အားစုများအား နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြိုခွင်းရန် အပူတပြင်းကြိုးပမ်းလျက်ရှိရာ ၎င်းတို့၏ အောက်တန်းကြသောနည်းလမ်းများဖြစ်သည့် လူသားတံတိုင်းပြုလုပ်ခြင်း သာသနာကိုခုတုံးလုပ်ခြင်းများ ပြုလုပ်ရန် ဗျူဟာဖော်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ 

အဆိုပါထုတ်ပြန်ချက်အား မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းမူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင် LDF တော်လှန်ရေးအင်အားစုများမှ ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုထုတ်​ပြန်ချက်၌ မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေးအသင်းများ၊ NGO အသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် စစ်ကောင်စီမှ အကူအညီတောင်းခံခြင်းများကို အကူအညီပေးခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းများ လုံးဝ လုံးဝ မပြုလုပ်ကြရန် အထူးသတိပေး တားမြစ်ထားသည်။

လူမှုရေးအသင်းများ၊ NGO အသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အဝင်များဆိုသည်မှာ ပြည်သူလူထု လှူဒန်းထောက်ပံ့ထားသော ရံပုံငွေများဖြင့် ရပ်တည်နေကြရသည်ဖြစ်ရာ ပြည်သူလူထုနှင့် တသားတည်း ရပ်တည်ကြလိမ့်မည်ဟု မျှော်လင့်မိသည်ဟုဆိုသည်။

ပြည်သူ့သဘောထားနှင့်ဆန့်ကျင်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းသော မည်သည့်အဖွဲ့အစည်းကိုမဆို တော်လှန်ရေးအင်အားစုများမှ ပြင်းပြင်းထန်ထန် အရေးယူတိုက်ခိုက်ရှင်းထုတ်သွားမည်ဖြစ်သည်ဟု သတိပေးထားသည်။

အဆိုပါသတိ​ပေးကြေညာချက်၌ လူမှုရေးအသင်းများ၊ နာရေးကူညီမှုအသင်းများ၊ အစိုးရလက်အောက်ခံမဟုတ်သော ကျန်းမာရေးအထောက်ကူပြုအဖွဲ့အစည်းများ၊ အစိုးရလက်အောက်ခံမဟုတ်သော ငွေကြေးထောက်ပံမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တရားရိပ်သာများ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းတောကြီးပညာသင်ကျောင်းများ၊ အရပ်ဘက်တိုးတက်ရေးအသင်းအဖွဲ့များ၊ ရပ်ရွာတိုးတပ်ရေးအစုအဖွဲ့များ အားလုံးပါဝင်သည်ဟု သိရသည်။ 

ယခုကြေငြာချက်မထုတ်ပြန်မှီ အစောပိုင်းကာလတွင် စစ်ကောင်စီ၏ အကူအညီတောင်းခံမှုများကို လက်ခံထားမိသည်ရှိခဲ့သော် ၎င်းအကူအညီတောင်းခံမှုများအား လက်မခံကြောင်းငြင်းဆန်ရန် အခွင့်အရေးပေးလိုက်သည်ဟု တော်လှန်ရေးအဖွဲ့များကဆိုသည်။

သတိကြေညာချက်ထုတ်ပြန် ပြီးနောက်ပိုင်း၌ စစ်ကောင်စီနှင့်ပူးပေါင်းများဆက်လက်လုပ်ဆောင်ပါက ထိခိုက်မှုများ၊ ပျက်ဆီးဆုံးရှုံးမှုများ၊ အရပ်သားထိခိုက်သေဆုံးမှုများရှိလာပါက  စစ်ကောင်စီနှင့် ပူးပေါင်းသော အသင်းအဖွဲ့များ၏ နာယကများ၊ အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ယူထားသူများသာ တာဝန်ခံရမည်ဖြစ်ကြောင်းအထူးသတိပေးထားသည်။


သံလွင်ခက် - Than Lwin Khet News

စစ်ကောင်စီနှင့်မပူးပေါင်းရန်ဘာသာရေးနှင့်လူမှုရေးအဖွဲ့များအား မြင်းမူတော်လှန်ရေးတပ်ဖွဲ့သတိပေး စစ်ကောင်စီနှင့်မပူးပေါင်းရန်ဘာသာရေးနှင့်လူမှုရေးအဖွဲ့များအား မြင်းမူတော်လှန်ရေးတပ်ဖွဲ့သတိပေး Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.