မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ပြည်သူတစ်ဦးကို သတ်ပစ်လိုက်ပြီဟု မိသားစုဝင်များထံသို့ အကြောင်းကြား
(မတူပီ)၊ စက်တင်ဘာ ၆ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် အခြေစိုက်ထားသော ခလရ ၁၄၀ တပ်ရင်းက အကြောင်းမဲ့ဖမ်းဆီးခဲ့သော မတူပီမြို့၊ ဖနိုင်ကျေးရွာနေ လင်မယားနှစ်ဦးထဲမှ ယောကျာ်းဖြစ်သူကို သတ်ပစ်လိုက်ပြီဖြစ်ကြောင်း ဩဂုတ်လ ၃၁ ရက်နေ့တွင် မိသားစုဝင်များထံ အကြောင်းကြားလာခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့၊ ညဘက်တွင် စစ်ကောင်စီတပ်က ဖနိုင်ရွာထဲသို့ တိတ်တဆိတ်ဝင်ရောက်လာပြီး ဖနိုင်ကျေးရွာနေ ဦးတာလ်နော့နှင့် သူ့မိန်းမကို ၎င်းနေအိမ်တွင် အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဩဂုတ်လ ၃၁ ရက်နေ့မှာ ဦးတာလ်နော့ကို သတ်ပစ်လိုက်ပြီလို့ စစ်ကောင်စီတပ်ကနေ မိသားစုဝင်ထံ အကြောင်းကြားလာပါတယ်၊ သူ့မိန်းမကိုတော့ ယခင်လ ဩဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လွတ်လာပြီ၊ စစ်ကောင်စီတပ်က ဦးတာလ်နော့ကို ဘာကြောင့်ဖမ်းဆီးထားတာလဲ၊ ဘာအမှုကြောင့် သတ်ပစ်လိုက်တာလဲဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးဘူး၊ချင်းထံစံအတိုင်း ကောင်းမွန်စွာ သဂြိုလ်ပေးချင်ပေမယ့် အလောင်းကိုလည်း မိသားစုဝင်တွေထံ ပြန်မပေးဘူး”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF-Matupiက ဗိုလ်မှူးသန်းနိုင်ဝင်းကို ယခင်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဖနိုင်ကျေးရွာခံ ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးပြီးနောက် ၂ ရက်အကြာတွင် ဦးတာလ်နော့လင်မယားကို လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်က ဦးတာလ်နော့ကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုအပေါ် မတူပီမြို့၊ ပြည်သူလူထုများအပေါ် စိုးရိမ်မှုမြင့်တက်နေပြီး လွတ်မြောက်ရာသို့ စစ်ဘေးရှောင်နေကြသော မတူပီမြို့နယ်မှ ပြည်သူလူထုများအား မိမိနေရပ်သို့ ပြန်လာမည့်အခြေအနေကို ဟန့်တားစေသည်ဟု စစ်ဘေးရှောင်တစ်ဦးက သုံးသပ်ပြောကြားသည်။
“စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးမှုသတ်ဖြတ်မှုတွေကြောင့် မတူပီမြို့နယ်ကနေ လွတ်မြောက်ရာကို စစ်ဘေးရှောင်နေကြတဲ့ ပြည်သူလူထုတွေ မိမိနေရပ်ပြန်မယ့်အစီအစဉ်အပေါ် ဟန့်တားမှု ဖြစ်စေတယ်ပေါ့နော်၊ စစ်ဘေးရှောင်ရာကနေ မိမိနေရပ်ကို ပြန်မယ်ဆိုရင် စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်ပြည်သူအပေါ် အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တဲ့အတွက် နေရပ်ပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူကြားမှာ စိုးရိမ်မှုတွေ တော်တော်မြင့်တက်နေပါတယ်”လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောကြားသည်။
မတူပီမြို့တွင် ဒေသကာကွယ်ရေးတပ်နှင့် ပတ်သက်နေသည်ဟု စွတ်စွဲချက်ဖြင့် အကြောင်းမဲ့ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူများထဲမှ ပြည်သူ ၄ ဦးခန့်ကို စစ်ကောင်စီတပ်က သတ်ပစ်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment