စင်ကာပူ၊ စက်တင်ဘာ ၆
ကာတာနိုင်ငံက ဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးက မြန်မာနိုင်ငံကလုပ်ငန်းတွေကို စင်ကာပူနိုင်ငံမှာရုံးစိုက်တဲ့ နည်းပညာလုပ်ငန်း The One Matrix Ventures (TOMV)ကိုရောင်းချဖို့ စီစဉ်နေတယ်လို့ ဒီဖြစ်ရပ်အကြောင်းတိုက်ရိုက်သိရှိထားသူ ၃ ယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အာဏာသိမ်းမှုနောက်ပိုင်း အူရီဒူးဟာ မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ နောက်ဆုံးနိုင်ငံခြားသားပိုင်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်ပါတယ်။
TOMV ဟာ စည်းကမ်းထိန်းသိမ်းမယ့်အာဏာပိုင်တွေဆီကခွင့်ပြုချက်ရအောင်ကူနိုင်မယ့် မြန်မာနိုင်ငံက ဝယ်လက်ဖြစ်နိုင်ချေရှိသူအများအပြားနဲ့ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေကပြောပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပြပါဘူး။
ဆက်သွယ်ရေးအခြေခံအဆောက်အအုံနဲ့နည်းပညာတွေကို အာရုံစိုက်တဲ့ TOMV ကို စင်ကာပူဆက်သွယ်ရေးလုပ်ငန်း Campana Group ကိုလည်းဦးဆောင်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းက တည်ထောင်၊ ဦးဆောင်နေပါတယ်။
မြန်မာ့စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဌာန(PDT)ကို အူရီဒူးက ဦးမျိုးမြင့်အုန်းထံရောင်းချလိုကြောင်း အသိပေးထားပေမဲ့ တရားဝင်ခွင့်ပြုချက်မတောင်းခံသေးဘူးလို့ သတင်းရင်းမြစ်တယောက်ကပြောပါတယ်။
ရောင်းချဖို့ သဘောတူညီချက်ရဖို့ဆိုရင် PTD ရဲ့ခွင့်ပြုချက်အပေါ်မူတည်နေတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီးသိရှိထားတဲ့သတင်းရင်းမြစ်တွေကပြောပြီး တန်ဖိုးဘယ်လောက်နဲ့ရောင်းချမယ်ဆိုတာကိုတော့ မပြောသေးပါဘူး။
အခုရောင်းချဖို့အစီအစဉ်အတွက် မှတ်ချက်တောင်းခံပေမဲ့ အူရီဒူးဘက်က တစုံတရာမတုံ့ပြန်ပါဘူး။
TOMV အမှုဆောင်ဒါရိုက်တာ အခန် ဆင်ဖီးလ်က သူက မှတ်ချက်ပြုနိုင်တဲ့ရာထူးနဲ့မဟုတ်ဘူးလို့ ရိုက်တာသတင်းအေဂျင်စီကိုဖြေကြားခဲ့ပါတယ်။
PTD ဒုတိယအမြဲတမ်းအတွင်းဝန် မိုးကျော်စိုးကလည်း သူ့မှာ ဒီကိစ္စအတွက် အချက်အလက်မရှိဘူးလို့ပြောပါတယ်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment