စစ်ကိုင်းနဲ့မကွေးတိုင်းထဲ လူသတ်မီးရှို့ခဲ့တဲ့ တပ်မမှူးတွေကို ကရင်ပြည်နယ်က တပ်မတွေဆီပို့ဆောင် ၊ စစ်ကောင် စီထိုးစစ်ပိုမိုပြင်းထန်လာနိုင်ဟု သုံးသပ်

စက်တင်ဘာလ ၆ ရက်

ကရင်ပြည်နယ်ကို ထိုးစစ်ဆင်ဝင်ရောက်နေတဲ့တပ်မတွေရဲ့ စစ်ကောင်စီတပ် တပ်မမှူးတွေနဲ့ စစ်ကိုင်း နဲ့ မကွေး တိုင်းထဲက တပ်မတွေရဲ့တပ်မမှူးတွေကို ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာဘဲ  အပြောင်းအလဲ လုပ်လိုက် တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီကနေသိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၅ နဲ့ ၆ ထိန်းချုပ်နယ်မြေအတွင်း ထိုးစစ်ဆင်ဝင်ရောက်နေ တဲ့ တနင်္သာရီတိုင်း ၊ဘုတ်ပြင်းမြို့ အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃)၊ ကော့သောင်းမြို့အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ ၂၀)တပ်မတွေရဲ့ တပ်မမှူးတွေနဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကို ထိုးစစ်ဆင်ဝင်ရောက်နေတဲ့ စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်( တမခ ၃၃)၊ ပခုက္ကူမြို့အခြေ စိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်(တမခ ၁၀၁) က တပ်မမှူးတွေကို ပြောင်းလဲခဲ့တာလို့သိရပါတယ်။ 

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူ ကို စကခ ၂၀ တပ်မမှူးအဖြစ်ပို့ဆောင်ခဲ့ပြီး စကခ ၂၀ တပ်မမှူး ဗိုလ်မှူးချုပ် ကိုကိုလွင် ကို တပ်မ ၃၃ ကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မျိုးဆက်အောင်ကို စကခ ၁၃ တပ်မမှူးအဖြစ်ပို့ဆောင်ခဲ့တာပါ။ 

ကရင်ပြည်နယ်ကို စစ်ရေးကွပ်ကဲမှုပြုလုပ်နေတဲ့ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူးနဲ့အတူ ကရင်ပြည်နယ်အတွင်းထိုးစစ်ဆင်ဝင်ရောက်နေတဲ့ တပ်မတွေကိုကွပ်ကဲနေတဲ့ တပ်မ  မှူးတွေကိုလည်း တပြိုင်တည်းလဲလှယ်ခဲ့တဲ့အတွက် ကရင်ပြည်နယ် အတွင်းထိုးစစ်တွေ ဆက်လက် ပြင်းထန် လာနိုင်တယ်လို့ CDM တပ်မတော်သားအရာရှိတွေကသုံးသပ်ထားပါတယ်။ 

“ ၃၃ နဲ့ ၁၀၁ က မုံရွာ နမခ လက်အောက်ခံတပ်မတွေ စစ်ကိုင်းနဲ့မကွေးတိုင်းထဲ မီးရှို့သတ်ဖြတ်နေတဲ့တပ်မ တွေပေါ့။ အဲ့ဒီတပ်မမှူးတွေက စစ်ကိုင်းနဲ့မကွေးထဲမှာ‌ ကြမ်းပြထားတော့ ကရင်ကိုဖိချင်လို့ လက်ရှိ ကရင်ထဲ ကိုဝင် နေတဲ့ တပ်မတွေကိုလွှတ်ပြီး ဒဲ့ချိန်းတဲ့သဘော။ ခုလက်ရှိ ရတခ တိုင်းမှူးနဲ့တွဲပြီးလွှတ်ပေးလိုက်တာ ကရင်ကိုထိုး စစ်တွေတော့ ပိုများလာနိုင်မယ့်အခြေအနေလို့သုံးသပ်လို့ရတယ်” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကိုထိုးစစ်ဆင်နေတဲ့တပ်မတခုဖြစ်တဲ့ ထားဝယ်မြို့အခြေ စိုက် စကခ ၈ တပ်မမှူးနေရာကို မိုင်းဖြတ်မြို့အခြေစိုက် စကခ ၁၈ တပ်မမှူး ဗိုလ်မှူးချုပ်‌ အေးမင်းဦးကို ပြောင်းလဲထားတယ်လို့လည်းသိရပါတယ်။

အဲ့ဒီ တပ်မမှူးပြောင်းလဲမှုတွေအပါအဝင် စစ်ကောင်စီတပ်က တပ်မမှူးနေရာ ၁၀ နေရာအထိ ပြောင်းလဲမှုပြုလုပ်ထားတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ် ရတခတိုင်းမှူးအသစ် ဗိုလ်ချုပ် မြတ်သက်ဦး ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် ဩဂုတ်လ ၂၅ ရက်နေ့က လေးကေ့ကော်ဒေသ သုံးထပ်ကွေ့ကုန်းကို တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၅ စီးနဲ့ စတင်  ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနဲ့ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မျိုးဆက်အောင်တို့ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်း တိုင်းနဲ့မကွေးတိုင်းမှာ ဒေသခံအရပ်သား ၅၀၀ ကျော်သတ်ဖြတ်ခံရမှုနဲ့ နေအိမ် ၂ သောင်းကျော်မီးရှို့ဖျက်ဆီးခံရမှုတွေမှာ တာဝန်ရှိသူတွေအဖြစ်ပါဝင်နေတာကို ဧရာ၀တီတိုင်းမ်မှသတင်းဆောင်းပါးနဲ့ရေးသားဖော်ပြပြီးဖြစ်ပါတယ်။


Ayeyarwaddy Times 

စစ်ကိုင်းနဲ့မကွေးတိုင်းထဲ လူသတ်မီးရှို့ခဲ့တဲ့ တပ်မမှူးတွေကို ကရင်ပြည်နယ်က တပ်မတွေဆီပို့ဆောင် ၊ စစ်ကောင် စီထိုးစစ်ပိုမိုပြင်းထန်လာနိုင်ဟု သုံးသပ် စစ်ကိုင်းနဲ့မကွေးတိုင်းထဲ လူသတ်မီးရှို့ခဲ့တဲ့ တပ်မမှူးတွေကို ကရင်ပြည်နယ်က တပ်မတွေဆီပို့ဆောင် ၊ စစ်ကောင် စီထိုးစစ်ပိုမိုပြင်းထန်လာနိုင်ဟု သုံးသပ် Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.