AAဗိုလ်ချုပ်က စစ်ကောင်စီကိုသူရဲဘောကြောင်သူများဟု ပြောဆိုခဲ့ပြီးနောက် မြောက်ဦးမြို့မဈေးကြီးတွင် မိုင်းရှင်းမည်ဟု စစ်ကောင်စီဆို

မြောက်ဦးမြို့မစျေးတနေရာ။

စက်တင်ဘာ ၅၊ ၂၀၂၂။

ရက္ခိုင့်တပ်တော်(AA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြောက်ဦးမြို့ရှိစစ်ကောင်စီတပ်များကို သူရဲဘောကြောင်သူများဟု ယမန်နေ့ စက်တင်ဘာ ၄ ရက်တွင် ၎င်း၏တွယ်တာစာမျက်နှာမှတဆင့် ပြောဆိုခဲ့သည်။

တွယ်တာစာမျက်နှာ၌ "SAC သည် ၎င်းတို့၏ ယုတ်ညံ့သော ကစားစာအုပ်နှင့် မွမ်းမံပြင်ဆင်မှုများကို ထုတ်လွှတ်နေသည်။ မြောက်ဦးသည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲသော သူရဲဘောကြောင်သူများ၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရပြီး စစ်ဆင်ရေးကို တပ်မ ၅၅ မှ တပ်မမှူး၏ တိုက်ရိုက်အမိန့်ဖြင့် ဆောင်ရွက်သည်ဟု သိရသည်"ဟု ရေးသားလိုက်ခြင်း ဖြစ်သည်။

ယင်းနောက် ယနေ့စက်တင်ဘာ ၅ ရက် ညနေပိုင်းအချိန်တွင် မြောက်ဦးမြို့ရှိ ဈေးကြီးတွင် စစ်ကောင်စီက မိုးရှင်းလင်းမည်ဟုဆိုကာ ဈေးကြီးတခုလုံးကို ပိတ်ခိုင်းခဲ့ပြီးနောက် တမြို့လုံးမှာတိတ်ဆိတ်နေသည်ဟု သိရသည်။

လက်ရှိတွင်မြို့ပေါ်‌ရှိ လမ်းမတိုင်းလိုလို၌ စစ်ကောင်စီတပ်များသာရှိနေပြီး၊ မြို့သူ၊သားများမှာ နေအိမ်မှနေ အပြင်သို့လုံးဝမထွက်ရဲကြဟု မြို့ခံတဦးက မြေလတ်အသံကို ပြောသည်။

"မီးကတော့ မပြတ်လို့တော်သေးတယ်။ တမြို့လုံးမှာရှိကြတဲ့လူတွေက အိမ်မှာဘဲနေကြတယ်။ အပြင်ကိုလုံးဝမထွက်ဝံ့ကြဘူး။ တခုခုလုပ်ချင်ရင် ဖုန်းနဲ့ပဲပြောနေရတယ်။ စစ်သားတွေက မြို့ထဲမှာအပြည့်ဘဲ။ ဘာဆက်ဖြစ်လာမလဲတော့ မသိဘူး။ သတိဝရီယနဲ့ပဲ နေနေရတယ်" ဟုဆိုသည်။

မြို့မဈေးကြီးတွင် မိုင်းရှင်းလင်းမည်ဖြစ်သဖြင့် ဈေးဆိုင်များပိတ်ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးကပြောဆိုလာခဲ့၍ ဈေးသည်အားလုံးမှာ ဆိုင်များပိတ်သိမ်းကာ ပစ္စည်းများကိုနေအိမ်သို့ ရွှေ့ပြောင်းခဲ့ကြရသည်ဟုလည်း သိရသည်။

နောက်ထပ်မြို့ခံတဦးက "ဈေးမှာ စစ်သားတွေပဲ နေရာယူထားတယ်။ အခုချိန်ထိမသွားကြသေးဘူး။ နေရာတိုင်းမှာ စစ်သားတွေချည်းပဲ။ ဈေးကို မိုင်းရှင်းဖို့လာတဲ့အခါ စစ်သားတွေမှာ ဓာတ်ဆီဘူးတွေယူလာတာကို တွေ့ခဲ့ရတယ်။ မီးတိုက်၊ မတိုက်တော့မသိဘူး" ဟုဆိုသည်။

ယင်းအပြင် စက်တင်ဘာလ ၄ ရက် နံနက် ၁ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီက မြို့အတွင်း၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု မြို့ခံများထံမှသိရသည်။


မြေလတ်အသံ 

AAဗိုလ်ချုပ်က စစ်ကောင်စီကိုသူရဲဘောကြောင်သူများဟု ပြောဆိုခဲ့ပြီးနောက် မြောက်ဦးမြို့မဈေးကြီးတွင် မိုင်းရှင်းမည်ဟု စစ်ကောင်စီဆို AAဗိုလ်ချုပ်က စစ်ကောင်စီကိုသူရဲဘောကြောင်သူများဟု ပြောဆိုခဲ့ပြီးနောက် မြောက်ဦးမြို့မဈေးကြီးတွင် မိုင်းရှင်းမည်ဟု စစ်ကောင်စီဆို Reviewed by THITHTOOLWIN on 02:19 Rating: 5

No comments:

Powered by Blogger.