စစ်ကိုင်း၊ ဩဂုတ် (၂၇)
ယမန်နှစ် ဒီဇင်ဘာလ (၅) ရက်နေ့က ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်း၌ ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက်ခဲ့သူ ဗိုလ်မှူး၏ဇနီးကို စစ်ကိုင်းတိုင်းအတွင်း ဖမ်းမိခဲ့သော်လည်း NUG စစ်ရုံး၏ အမိန့်အရ ပြန်လွှတ်ပေးလိုက်ရသည်ဟု အမည်မဖော်လိုသူ တော်လှန်ရေးသမားတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီး မယဉ်ယဉ်ထွန်းသည် ရန်ကုန်မြို့မှ အဝေးပြေးကားဖြင့် ကချင်ပြည်နယ်သို့ ထွက်ခွာလာစဉ် သတင်းအရ တော်လှန်ရေးသမားများက ဩဂုတ်လ (၂၆) ရက်တွင် စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
"စစ်ကိုင်းတိုင်းစစ်ရုံး (NUG) က သူ (မယဉ်ယဉ်ထွန်း)နဲ့ မဆိုင်ဘူး။ ပြန်လွှတ်ပါဆိုလို့ လွတ်ပေးလိုက်ရတာ" ဟု အမည်မဖော်လိုသည့် တော်လှန်ရေးသမားက ပြောသည်။
မယဉ်ယဉ်ထွန်း၏ ဖခင်သည် အငြိမ်စားတပ်ကြပ်ကြီးဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ ရွာတစ်ရွာ၌ နေထိုင်ကြောင်းလည်း ၎င်းကပြောသည်။
ဗိုလ်မှူးနိုင်ဘိုဘိုသည် ပန်းပင်ကြီးလမ်း၌ Double Cab ကားကိုအသုံးပြု၍ သပိတ်စစ်ကြောင်းမှ လူငယ်များကို အရှိန်ဖြင့် တိုက်ခဲ့ရာတွင်ဦးဆောင်သူဖြစ်ပြီး ကားတိုက်မှုကြောင့် လူငယ် (၄) ဦးပြင်းထန်စွာဒဏ်ရာရကာ ဖမ်းခံခဲ့ရသည်။
Lu Nge Khit
No comments:
Post a Comment