ကနီနယ် ချောင်းမရွာအနီး လက်ပြန်ကြိုးတုပ် နှိပ်စက်ကာ မီးရှို့သတ်ဖြတ်ခံထားရသည့် အရပ်သား ၅ ဦး အလောင်းများ တွေ့ရှိ

ဓာတ်ပုံ- သတ်ဖြတ်ခံထားရသူများနှင့် ဖျက်ဆီးခံရသည့်ကား 

ကနီ၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာအနီး၌ မီးရှို့ နှိပ်စက် သတ်ဖြတ်ခံထားရသည့် အရပ်သားပြည်သူ ၅ ဦး၏ ရုပ်အလောင်း များကို ယနေ့ ဩဂုတ်လ ၂၇ ရက်၌ တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

"နှိပ်စက်ခံထားရတာမျိုးပါ။ လက်ကိုကြိုးတုပ်ထားတယ်။ ကိုယ်လုံးတီး ချွတ်ထားတယ်။ သေနတ်ကျည်ဒဏ်ရာလည်းရှိတယ်။ မီးရှို့ပြီး ထားခဲ့တာပါ" ဟု ၎င်းက ရှင်းပြသည်။

ဩဂုတ်လ ၂၆ ရက်တွင် စစ်ကောင်စီတပ်သည် ချောင်းမရွာသို့ ၀င်ရောက်စီးနင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမျိုးသား ၅ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း သေဆုံးခဲ့ရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အတည် မပြုနိုင်သေးကြောင်း ဒေသခံများက ပြောကြသည်။

အရပ်သားပြည်သူများ၏ ရုပ်အလောင်းများအနီး၌ မီးလောင်ထားသည့် ကား ၄ စီးနှင့် ဆိုင်ကယ် ၂ စီးကိုလည်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

 "နှစ်ယောက်တစ်တွဲစီ ကားနားမှာတွေ့တာ။ တစ်ယောက်ကတော့ ဆိုင်ကယ်နားက တွေ့တာပါ"ဟု ဒေသခံကပြောသည်။

ချောင်းမရွာမှ ထွက်ခွာသွားသည့် စစ်ကောင်စီ‌တပ်သည် လက်ရှိအချိန်၌ ချောင်းမ - ကနီးလမ်းဘေးရှိ သင့်၀င်၊ မင်းမနှင့် သမင်ခြံ စသည့်ကျေးရွာများ၌ ထိုးစစ်ပြုလုပ်နေသည်။ 

စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသတွင်း၌ အရပ်သားပြည်သူ ၂ သောင်းကျော် မိုးရွာနေစဉ် အတွင်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။


Lu Nge Khit

ကနီနယ် ချောင်းမရွာအနီး လက်ပြန်ကြိုးတုပ် နှိပ်စက်ကာ မီးရှို့သတ်ဖြတ်ခံထားရသည့် အရပ်သား ၅ ဦး အလောင်းများ တွေ့ရှိ ကနီနယ် ချောင်းမရွာအနီး လက်ပြန်ကြိုးတုပ် နှိပ်စက်ကာ မီးရှို့သတ်ဖြတ်ခံထားရသည့် အရပ်သား ၅ ဦး အလောင်းများ တွေ့ရှိ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.