ဓာတ်ပုံ - ယခင်အချိန်ကမြင်တွေ့ရသည့် စစ်ကောင်စီတပ် |
ကျွန်းလှ၊ ဩဂုတ် (၂၇)
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ပေပင်ချောင်ရွာအနီး၌ စစ်ကောင်စီ စစ်ကြောင်း၏ ရှေ့ပြေးအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၅) ဦးသေဆုံးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။
ယနေ့ ဩဂုတ်လ (၂၇) ရက် နံနက်ပိုင်းက ကျွန်းလှမြို့နယ်၊ ညောင်ပင်ရွာမှ စတင်ထွက်ခွာလာသည့် စစ်ကြောင်းကို ကျွန်းလှမြို့နယ်၊ ဆည်အနောက်ဘက်ခြမ်း UG အဖွဲ့က မိုင်း (၂) လုံးအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"အင်အား ၁၅၀ လောက်ရှိတယ်။ ခြေမြန်တပ်ရင်း (၃၆၁) နဲ့ (၃၆၉) ကပါ။ လောလောဆယ် ညောင်ပင်ရွာနဲ့ ပေပင်ချောင်ရွာကြားမှာ စစ်ကြောင်းရှိနေပါတယ်။ ဘယ်ကိုဦးတည်မှာလဲ မသိရသေးပါဘူး" ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်း (၃) ကြောင်းဖြင့် ဩဂုတ်လအတွင်း ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ယနေ့မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ဩဂုတ်လ (၂၆) ရက်က ကုန်းစည်းရွာ၌ နေအိမ် (၆၀) ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မိုင်းဆွဲခံရသည့် စစ်ကြောင်းမှ သေဆုံးထိခိုက်မှုများကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
Lu Nge Khit
No comments:
Post a Comment