ဒီးမော့ဆို - ဩဂုတ် ၂၁၊ ၂၀၂၂။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ ညနေ လေးနာရီခန့်က ဒီးမော့ဆိုမြို့နယ် ကျေးရွာတစ်ရွာမှ ဒေသခံ ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်နေ့ကတော့ တိုက်ပွဲဖြစ်တာက ရွာနဲ့ဝေးတဲ့နေရာမှာဖြစ်တာ။ တိုက်ပွဲပြီးတဲ့အချိန် ကျွန်တော်တို့က နောက်ဆုတ်နေတဲ့အချိန်မှာ ဒီကောင်တွေက ရွာဘက်ကို လက်နက်ကြီးတွေ လမ်းထုလိုက်တာ အဲ့ချိန်မှာ ကလေးတစ်ယောက်ထိမှန်ပြီး သေဆုံးခဲ့တာ” ဟု သူကပြောသည်။
သေဆုံးသွားသူမှာ မောင်စနေဦးဖြစ်ပြီး ဦးခေါင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အနှံ့ လက်နက်ကြီးစများ ထိမှန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာတွင်လည်း ယမန်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၁၉ နှင့် ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုတို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုစာရင်းကို အတိကျမသိရှိရသေးကြောင်း သိရသည်။
အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သော ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှ ဒေသခံ ၉ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဩဂုတ်လအတွင်း ဒေသခံ ၃ ဦးခန့် သေဆုံးခဲ့ပြီဖြစ်သည်။
The 74 Media
No comments:
Post a Comment