ထီးလင်း ၊ ဩဂုတ် ၂၇ ၊ ၂၀၂၂။
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ထဲရှိ စစ်ကောင်စီ၏ရဲစခန်းနှင့် မြန်မာစီးပွားဘဏ်တို့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ရဲ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ထီးလင်းတောင်ပိုင်းတွင်ရှိသည့် ရဲစခန်းလူပျိုဆောင်ရှေ့ လက်နက်ကြီးတလုံးကျရောက်မှုကြောင့် ရဲ ၁ ဦးသေဆုံးပြီး ၂၆ ရက် နေ့လည် ၁၂ နာရီခန့်တွင် လက်နက်ကြီးကျည်တလုံး မြန်မာ့စီးပွားရေးဘဏ်ရှိ ကျရောက်ပေါက်ကွဲကာ ထိခိုက်ပျက်စီးမှုကို အတည်မပြုနိုင်သေးကြောင်း Yaw Defence Force Htilin အဖွဲ့ထံက သိရသည်။
"စခန်းကရမ်းသမ်းပြန်ပစ်တာရှိတာ တောင်ကုန်းပေါ်တွေကိုပေါ့။ ပစ်ခတ်မှုက သိပ်တော့မကြာဘူး လက်နက်ကြီး ၂ ချက်လောက်ပစ်တယ် သူတို့ဘက်ကလည်း ကိုယ့်ကျည်ဆံကျတဲ့ဘက်ကို လက်နက်ကြီးပြန်ပစ်တာပေါ့" ဟု YDF Htilin ဗျူဟာမှူးသခင်ဇော်က မြေလတ်အသံကိုပြောသည်။
တိုက်ခိုက်မှုတွင် YDF(ထီးလင်း)တပ်ရင်း၇၊ ၈ နှင့် ပေါက်တောင်ပိုင်း တွေ့မရှောင်ပျောက်ကျားတပ်တို့မှ ၆၀ မမဖြင့် နည်းပညာဆိုင်ရာပူးပေါင်းစမ်းသပ်တိုက်ခိုက်ခဲ့ကြကြောင်း ဆိုသည်။
"၆၀ မမ စထွင်တုန်းကတော့ ရမ်းသမ်းပစ်ခဲ့တယ်၊ အဲအပေါ်မှာ တိကျမှုအားနည်းတယ်။ အဲအပေါ်မှာ အဲအဖွဲ့က နည်းပညာပိုင်းမှာ အားသာမှုတွေရှိတယ်ဆိုလို့ သူတို့နဲ့ပူးပေါင်းတာပါ။ အဲကောင်က ဒီဂရီချိန်လို့ရတယ်။ ယမ်းပမာဏတွက်ချက်မှုတွေရှိတယ် နည်းပညာနဲ့ လုပ်ပြီး တိုက်ခိုက်ခြင်းဖြစ်တယ်။" ဟု ဗျူဟာမှူးသခင်ဇော်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ထီးလင်းမြို့ ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ပြီးထွက်လာသော အင်အား ၁၀၀ ရှိစစ်ကြောင်းအား YDF-Htilin ကခြုံခိုတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့သေးသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment