AUG 23.2022
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ဘန့်ဘွေးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာနှင့် အနီးတစ်ဝိုက်ကို ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲချခဲ့ရာ အချင်းချင်းမှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီ တပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဘန့်ဘွေး ရွာဘုန်းကြီးကျောင်းနှင့် ကျေးရွာတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကသာမြို့နယ် PDF နှင့် ကျောက်ထုံးကြီး PDF တို့က သြဂုတ် ၂၂ ရက်နေ့ နံနက် ၅နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နာရီခန့်အကြာတွင် ဂျက်လေယာဉ်နှစ်စီးဖြင့် ၁၅ မိနစ်ခန့်ကြာ ဗုံးလာကျဲရာ မှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီတပ်သား ၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။
"တိုက်ပွဲက ကိုးနာရီလောက်ဆိုငြိမ်သွားပြီ နမခကလေ လေယာဥ်ပစ်ကူလာနေတယ်ကြားတာနဲ့ ကျနော်တို့ကနောက် ဆုတ်သွားတာ နောက် တစ်နာရီကျော်ကျော် နှစ်နာရီလောက်ကြာတဲ့ချိန်မှာ နမခ ကနေဂျက်ဖိုက်တာနဲ့လာကျဲတာပဲ သူတို့ချင်းချင်း မှားကျဲမိလို့အဲ့မှာ ၈ ယောက်လောက်ထပ်သေတယ်တဲ့။ ကျနော်တို့သွားတိုက်တဲ့ခါတော့ ၃၀ ကျော်သေတယ်"ဟုပြောသည်။
အဆိုပါ သွားရောက်ပစ်ခတ်မှုတွင် စုစုပေါင်း ၄၀ နီးပါး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Kachin News Group
No comments:
Post a Comment