ချောင်းဦး PDFမှ သင်တန်းဆရာအပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့


ချောင်းဦး၊ ဇွန် ၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က  Change U Local Defence Force အဖွဲ့မှ သင်တန်းဆရာအပါအဝင် ရဲဘော် ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့  သိရပါတယ်။ 

အဲ့ဒီရဲဘော်တွေဟာ ဇွန်လ ၇ ရက်၊ မနက် ၇ နာရီလောက်က စစ်ရေးသင်းတန်းပေးဖို့သွားချိန် ချောင်းဦးမြို့နယ်၊ ရွှေပေါ်ကုန်းရွာနားအရောက်မှာ ပျူစောထီးနဲ့ စစ်သားတွေရဲ့ စောင့်ကြိုတိုက်ခိုက်တာကို ခံခဲ့ရပြီး၊ အဲ့ဒီထဲက သင်တန်းဆရာဖြစ်တဲ့ ရဲဘော်လျှပ်စီးကတော့ နေရာမှာတင် သေနတ်နဲ့ ပစ်သတ်ခံရကာ၊ ကျန် ၄ ဦးကတော့ စစ်ကောင်စီတပ်စွဲရာ ကံကြီးကုန်းရွာရောက်မှ အသတ်ခံခဲ့ရတာလို့  Change U Local Defence Force မှ ဗိုလ်ဂဠုန်ရာဇာက ပြောပါတယ်။

“ ရဲဘော် ၅ ဦးကျဆုံးတဲ့နေ့တုန်းက ကျနော်တို့က သင်တန်းလုပ်နေတာ၊ သင်တန်းသွားမဲ့ အသုံးပြုနေတဲ့လမ်းကြောင်းမှာ ပျူနဲ့စစ်သားတွေက ကင်းပုန်းဝတ်နေတာ မသိလိုက်ဖူး၊ သင်တန်းဆရာနဲ့ သင်တန်းသားတွေ စောင့်ဖမ်းသလိုဖြစ်သွားတယ်၊ ရွှေပေါ်ကုန်းရဲ့ အနောက်ရွှေလှေဘက် ချိုးတဲ့လမ်း‌ကွေ့လေးမှာ အဖမ်းခံလိုက်ရတာ၊ အဲဒီနားလေးမှာပဲ ကျနော်တို့အဖွဲ့ထဲက သင်တန်းဆရာ ရဲဘော်လျှပ်စီးကို တခါထဲ ပစ်သတ်သွားတယ်၊ နောက် ၄ ယောက်ကို ဖမ်းဆီးသွားတယ်၊ အဲ့ဒီ ၄ ယောက်လည်း သေတာကတော့သိရပြီ၊ အလောင်းကတော့ပြန်မရဘူး၊” လို့  သူက ပြောပါတယ်။ 

ကျဆုံးသူတွေဟာ သင်တန်းဆရာ ရဲဘော်လျှပ်စီး ( ၂၁ ) နှစ်၊ ရဲဘော်ဝူခုန်း ( ၁၈ ) နှစ်၊ ရဲဘော်ခန့်ကြီး ( ၂၁ ) နှစ်၊ ရဲဘော် ရာဟု ( ၂၇ ) နှစ် နဲ့  ရဲဘော်ကြွက်နီ ( ၂၅ ) နှစ်တို့ ဖြစ်ပြီး၊ ခုလိုကျဆုံးရတာဟာ မိမိတို့ တပ်ဖွဲ့အတွင်း လက်နက်အင်အားမလုံလောက်တာကြောင့် ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေကို အမြစ်ဖြုတ်တိုက်ခိုက်ဖို့ ခက်ခဲနေတဲ့အတွက်ဖြစ်တယ်လို့ ဗိုလ်ဂဠုန်ရာဇာက ဆက်ပြောပါတယ်။

“လက်နက်တွေက အင်အားခြင်းမမျှတတော့ ကျနော်တို့မှာ အခက်အခဲဖြစ်တာပေါ့၊ လက်နက်တွေ စီးဆင်းလာမယ်ဆိုရင် ဒီကံကြီးကုန်းကျေးရွာက ပျူတွေလည်း ဒီလောက်ထိရပ်တည်နိုင်မှာမဟုတ်ဖူး၊ ကျနော်တို့အားနည်းချက်ကတော့လက်နက်ပါပဲ၊ ကျနော်တို့ကအသက်တွေ ပေးထားရတာပါ၊ တိုက်ဖို့ရာ အရန်သင့်ပါပဲ၊” လို့ ပြောပါတယ်။ 

လက်ရှိအချိန်ထိ ကံကုန်ကြီးကုန်းရွာမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက တပ်စွဲနေထိုင်နေပြီး၊ အဲ့ဒီအနီးနားတဝိုက်ဒေသတွေကိုပါ  ဗိုလ်ကျ ကြီးစိုးနေကြတယ်လို့ သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ချောင်းဦး PDFမှ သင်တန်းဆရာအပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ ချောင်းဦး PDFမှ သင်တန်းဆရာအပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ Reviewed by THITHTOOLWIN on 18:24 Rating: 5

No comments:

Powered by Blogger.