ရွှေကူ - ဇွန် ၁၃၊ ၂၀၂၂။
တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။
ရွှေငြိမ်းချမ်းကျေးရွာမှ ကျောက်ကြီးကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်း နှင့် ၇ မိုင်ကျေးရွာအနီးတွင် သုံးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်နှင့် နီးစပ်သော ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“စစချင်းတော့ မိုင်းဆွဲတယ် ပြီးမှ အပြန်အလှန် ပစ်ခတ်ကြတာ။ ခုချိန်ထိတော့ သွားကြည့်လို့ မရသေးဘူး ဒါပေမယ့် သေတာ တော်တော်များတယ်တဲ့” ဟုပြောသည်။
အဆိုပါစစ်ကြောင်းသည် ပန်ခွန်ယန်ကျေးရွာ(ပိန်းခွန်ကျေးရွာ) ရှိ တပ်စခန်းမှ ရွှေငြိမ်းချမ်းကျေးရွာသို့ ဇွန်လ ၅ ရက်နေ့က ရွှေ့ပြောင်းသွားသည့် ခ.မ.ရ (၄၁၅) တပ်ဖွဲ့ဝင်များဖြစ်ကြပြီး လက်ရှိအချိန်တွင် ၁၂ မိုင်ကျေးရွာသို့ တပ်ဆုတ်သွားပြီဖြစ်ကြောင်း သူကဆက်ပြောသည်။
ယမန်နေ့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၁၂၁) တပ်ကလည်း စစ်ကူထပ်မံရောက်ရှိလာပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့က ၎င်းတို့လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဇွန်လ ၃ ရက်နေ့ကလည်း သင်္ဘောလုံခြုံရေးယူရန် မိုးစစ်ကျေးရွာမှ ဆင်တပ်ကျေးရွာသို့ လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
The 74 Media
No comments:
Post a Comment