KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးဟုဆို


ဆွမ်ပရာဘွမ် - ဇွန် ၁၂၊ ၂၀၂၂။ 

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲခန့်က အင်ရှီးယန်နှင့် နမ်ခမ်းကျေးရွာဟောင်းကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့သည်ဟု မြေပြင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မိုးတွေအရမ်းရွာတော့ ဘယ်တပ်မဟာကလည်းဆိုတာ ပြောလို့မရဘူး။ လီဆူပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်ကလူတွေ ပေါင်းပြီး ဆင်းလာကြတာဟုတ်တယ်။ ခဂရန်းရွာမှာ စစ်ကောင်စီဘက်က နည်းနည်းကျန်နေသေးတယ်။ ကားစောင့်ရင်းကျန်နေခဲ့ကြတာ” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား ယနေ့ နံနက် ၇ နာရီခန့်ကလည်း ထိန်ဘိုင်းကျေးရွာနှင့် အင်ရှီးယန်ကြားတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခန့်ကလည်း ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ကျေးရွာနှင့် ထိန်ဘိုင်ကျေးရွာကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့မှ ဆင်းလာသော ကား အစီး ၈၀ ပါ စစ်ကောင်စီယာဉ်တန်းသည်လည်း လွန်ခဲ့သော ဇွန်လ ၁၀ ရက်နေ့က ဒရူခကျေးရွာနှင့် ဆူယန်ကျေးရွာအနီးတို့တွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးခဲ့သည်။


The 74 Media 

KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးဟုဆို KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးဟုဆို Reviewed by THITHTOOLWIN on 22:38 Rating: 5

No comments:

Powered by Blogger.