ရေစကြို ၊ ဇွန် ၁၅ ၊ ၂၀၂၂။
စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးချိန် မိုင်းဆွဲခံရလို့ ကိုယ်ဝန် ၅ လရှိ CDM ဆရာမ ၁ ဦးအပါ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးတို့ကို ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အရှင်လတ်လတ်မီးရှို့သွားတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် ထန်းပင်ကန်ရွာစစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မိုင်းဆွဲခံရပြီး ဇွန်လ ၁၀ ရက်နေ့မှာ N-YSO ပြောက်ကျားတပ်ဖွဲ့ဝင် CDM ၃ ဦးနှင့် ရဲဘော် ၂ ဦးကိုခေါ်ဆောင်သွားခဲ့တာလို့ N-YSO ပြောက်ကျားတပ်ဖွဲ့ ဗိုလ်လင်းက မြေလတ်အသံကိုပြောပါတယ်။
"CDM ဆရာ ဆရာမ ၃ ဦးပါ၊ ကျနော်တို့ရဲ့ရဲဘော်အဖွဲ့ဝင်တွေပါပဲ၊ ၅ ယောက်ပါ။ စစ်တပ်က အရှင်လပ်လပ်မီးရှို့သတ်တာပါ။ ၆ လပိုင်း ၁၀ ရက်နေ့က သတ်ပြီးမီးရှို့သွားတာ၊ သူတို့စစ်ကြောင်း ထိုးလာတာမနက်ခင်း ၃ နာရီခွဲအချိန်လောက်ပါ။ သူတို့ကိုဖမ်းမိသွားပြီး ဓါးစာခံအဖြစ်လမ်းမှာခေါ်ဆောင်သွားပြီးတော့ ၁၀ ရက်နေ့ ညပိုင်းမှာသတ်ပစ်လိုက်တယ်လို့ ယူဆရတယ်" လို့ ဗိုလ်လင်းကပြောပါတယ်။
သတ်ဖြတ်ခံရသူများတွင် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ မှာကိုယ်ဝန် ၅ လရှိပြီး၊ အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်မှာ ဒဏ်ရာရရဲဘော်များကိုဆေးကုသပေးသူဖြစ်ကာ ကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်၊ ထောက်ပို့ရဲမေ မသဲအိအိဝင်းမှာ အိမ်ထောင်ပြုတာ တပတ်ပဲရှိသေးကာ၊ ရဲဘော်ဝူခုန်းမှာလည်း ဖမ်းဆီးမခံရခင် စစ်ကောင်စီတပ်သား ၁၃ ဦးခန့်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သတ်ဖြတ်ခံရသူများကို N-YSO အဖွဲ့က ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးပြီး အမိန့်ပြန်တမ်းဖတ်တာတွေကို ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်ပေးခဲ့ကြပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ကြလို့ ၁၃ ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment