ပုံစာ-ဖေဖေါ်ဝါရီလ ၁၁ရက်နေ့က ပြုလုပ်သည့် ကလေးမြို့နယ်လည်ကြီးကျေးရွာက ပြည်သူ့စစ်လို့ခေါ်သည့် ပျူစောထီးစစ်သင်တန်း။ |
ကန့်ဘလူ၊ဇွန် ၉ ၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အရှေ့ဘက် ၄ မိုင်ခန့်အကွာ နတ်အင်းရွာစာသင်ကျောင်းမှာ စစ်တပ်နဲ့အတူ စခန်းချထားတဲ့ ပျူစောထီးခေါင်းဆောင်က
၈ နှစ်အရွယ် ကျောင်းသူတဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့နယ်တွင်း သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Infinity Group ရဲ့ပေ့ချ်မှာ ဖော်ပြထားပါတယ်။
နတ်အင်းရွာက အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို တရွာတည်းအတူနေအသက် ၅၃ နှစ်အရွယ်လောက်ရှိတဲ့ ပျူစောထီးခေါင်းဆောင်ရွှေဘ ဆိုသူက ဇွန်လ ၆ ရက်နေ့က အဓမ္မကျင့်ခဲ့တာလို့ ဆိုပါတယ်။
"ပျူတွေက သူတို့နားတဲ့ စာသင်ကျောင်းကအခန်းထဲကို ချော့ခေါ်ပြီး ပြုကျင့်တယ်လို့ သိထားတယ်ဗျ အဲဒါကို စစ်သားက ရွာခံတွေကျေနပ်အောင် နဲနဲပါးပါးရိုက်ပြတယ် သူတို့အချင်းချင်း လုပ်နေကျအကွက်ပဲဗျ အခုလို ဖြစ်လည်း ပျူရွာတွေဆိုတော့ ကျောင်းကတော့တက်မြဲပဲ ဒါပေမယ့် ပြုကျင့်ခံရတဲ့ မိန်းကလေးကိုတော့ ကျောင်းကိုမပို့တော့ဘူး " လို့ ဒေသခံတဦးကပြောပါတယ်။
အခုဖြစ်စဥ်အပြင်ကို ပေါက်ကြားမှာစိုးတဲ့အတွက် ကာယကံရှင်မိသားစုကို စစ်ကောင်စီဘက်က ငွေကျပ် သိန်း ၃၀ ပေးကာ ကျေအေးခိုင်းခဲ့ကြောင်းလည်း Infinity Group ရဲ့ ပေ့ချ်မှာ ဖော်ပြထားပါသေးတယ်။
အဲဒီနတ်အင်းရွာစာသင်ကျောင်းမှာ စစ်သား ၃ ဦးဝန်းကျင်လောက်သာရှိပြီး အများစုဟာ ပျူစောထီးတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ် ကျောင်းသူလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံကတော့ သီးခြားတအတည်ပြုချက် မရရှိသေးပါဘူး။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment