စျေးဝယ်ပြီးပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ ဦးသေဆုံး


ပခုက္ကူ၊ ဇွန် ၈၊ ၂၀၂၂။ 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး ဇွန်လ ၇ ရက် မနေ့ကမနက် ၉ နာရီလောက်မှာ တိုက်ခိုက်ခဲ့ရပြီး အဲ့ဒီထဲက ဗိုလ်အဆင့်ရှိသူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါအဖွဲ့ဝင် ၂ ဦးဟာ ပခုက္ကူမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ စျေးဝယ်ပြီးပြန်လာချိန် အင်ပင်ရွာနဲ့ ကိုးပင်ရွာကြားအရောက် ဒေသခံကာကွယ်ရေးတပ် ၂ ဖွဲ့က သေနတ်အတိုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ စစ်ဗိုလ်တဦးရဲ့ ညာရင်ဘက်ကို ထိမှန်ခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ Yesagyo Revolution Group – YRG ရဲ့ ဖောက်ခွဲရေးတာဝန်ခံ ဗိုလ် Zero က ပြောပါတယ်။ 

“၂ ယောက်တည်းပဲဗျ၊ ရှေ့ဆုံးကစီးတာက သူ့တပည့်။ နောက်ကစီးတာကကျတော့ စစ်ဗိုလ်အရာရှိထဲကပဲ၊ တပွင့်နဲ့ဗိုလ်ဗျ၊ သေနတ်အတိုနဲ့ပဲပစ်လိုက်တာ၊ ရှေ့ကဆိုင်ကယ်စီးလာတဲ့ ရဲဘော်တယောက်ကို မမှန်ဘူး၊ နောက်ကစီးတဲ့ ဗိုလ်ရဲ့ ညာဘက်ရင်ဘက်ကို မှန်သွားတယ်၊  အဲ့ ၂ ကောင်က အရပ်ဝတ်နဲ့ပဲ ဖြတ်သွားဖြတ်လာလုပ်နေတာ ကြာပြီ၊ အဲ့နေ့ကလည်း ပခုက္ကူမြို့ပေါ်ကို စျေးသွားဝယ်တာ၊ ကျနော်တို့က သတင်းရလို့ အပြန်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ၊” လို့ ပြောပါတယ်။ 

အဲ့ဒီဗိုလ်ဟာ တိုက်ခိုက်ခံရပြီး ချက်ချင်းသေဆုံးသွားတာမဟုတ်ပဲ သူတို့တပ်စွဲထားတဲ့ စခန်းကိုပြန်ရောက်ပြီး၊ စခန်းကနေ ဆေးရုံကိုသွားတဲ့လမ်းမှာ သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ 

ဒီသေဆုံးမှုဖြစ်စဥ်ကိုတော့ တပ်တွင်းသတင်းပေး ( ဖရဲသီး ) တွေရဲ့ ပြောဆိုချက်အရ သိရတာလို့ ဗိုလ် Zero က ရှင်းပြပါတယ်။ 

အဲ့ဒီစစ်ဗိုလ်အပါအဝင် တပ်သား ၃၀ ကျော်လောက်ဟာ ပြီးခဲ့တဲ့ ၄ လဝန်းကျင်ကတည်းက  အင်ပင်ရွာမှာ တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာ နောက်ထပ်တပ်သား ၅၀ လောက် အဲ့ဒီစခန်းကို ထပ်ပြီး ရောက်ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။ 

“အင်ပင်ရွာမှာ ပျူတွေကိုအုပ်စိုးပြီး သူကဗိုလ်လုပ်နေတာ၊ လမ်းတွေစစ်တယ်၊ လာတဲ့ကားတွေ အကုန်စစ်တာ၊ သူတို့အဲ့ဒီရွာမှာတပ်စွဲနေတာ ၄ လခွဲလောက်ရှိပြီ၊ လာလာချင်းတုန်းက ၃၀ ကျော်လောက်ပဲရှိတာ၊ ခုတိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း အဲ့ဒီရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီဦးရေက ၈၀ နီးပါးလောက်ရှိသွားပြီး၊ နောက်ထပ် ၅၀ လောက်ထပ်ရောက်လာတယ်၊” လို့ ပြောပြပါတယ်။ 

ဒီတိုက်ခိုက်မှုကို YRG  နဲ့  Urban Underground Revolution Force – YSO တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ သေဆုံးသွားတဲ့ စစ်ဗိုလ်နေရာမှာ နောက်ထပ်ဗိုလ်တဦး အစားထိုး ရောက်ရှိနေပြီလို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

စျေးဝယ်ပြီးပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ ဦးသေဆုံး စျေးဝယ်ပြီးပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.