ရွာငံမြို့နယ်၌ ပျုစောထီးအဖွဲ့စီးနင်းလာသောကား ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး၊ ပျူစောထီးခေါင်းဆောင် အခြေအနေစိုးရိမ်ရ


မဲခေါင်၊ ဇွန် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်လမ်းမကြီး၊ တပ်ပုပ်ရွာအနီးရှိ ကားလမ်းမပေါ်၌ ယမန်နေ့၊ ညနေပိုင်းက ပျုစောထီးအဖွဲ့စီးနင်းလာသောကား ပစ်ခတ်ခံရကြောင်း ‌ဒေသခံ PDF အဖွဲ့များထံမှ သိရသည်။

ရွာငံမြို့နယ်ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် အဖွဲ့ ၂ ဦးစီးနင်းလာသော ကားအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယမန်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်ခန့်က ပစ်ခတ်တိုက်ခဲ့ပြီး ၂ ဦးသေဆုံးကာ တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း PDF သတင်းရင်းမြစ်တစ်ဦးက ပြောသည်

"ပျူစောထီးအဖွဲ့ကားဆိုတဲ့ သတင်းအတိအကျရတာနဲ့ စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ၂ ယောက်သေတယ်၊ ခေါင်းဆောင်ဝင်းမြင့်က ဒဏ်ရာအပြင်းအထန်ရသွားတယ်။ အသက်အန္တရာာ်စိုးရိမ်ရတာပေါ့။ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအခြေအနေအရ ဘယ်အဖွဲ့ကလုပ်ဆောင်တယ် လို့တော့ မထုတ်ပြန်သေးပါဘူး။ လုံခြုံစိတ်ချရတဲ့နေရာရောက်မှ သတင်းထုတ်ပြန်ပေးမှာပါ။ PDF တပ်ဖွဲ့တစ်ခုအတွက် လက်စားချေတာလို့ပဲ အသိပေးချင်ပါတယ်" ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့အဖွဲ့ဝင် ၂ ဦးက အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးဝင်းမြင့်က ဒဏ်ရာအပြင်းအထန်ရကာ အောင်ပန်းမြို့ရှိ ကုတင် ၇၀၀ စစ်ဆေးရုံ၌ ဆေးကုသလျက်ရှိသလို သတိလစ်မေ့မျောနေကြောင်း သိရသည်။

ဦးဝင်းမြင့်သည် လွန်ခဲ့သော နှစ်လခန့်မှစတင်၍ ပဲရင်းတောင်ရွာနှင့် လွှစင်ရွာမှ အိမ်များကိုမီးရှို့ခြင်း၊ ပစ္စည်းများယူဆောင်ခြင်း၊ မြင်းကျဒိုးရွာမှ အိမ်များချိပ်ပိတ်ခြင်း၊ ရွာသူရွာသားအများအပြားအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ပဲရင်းတောင်ရွာသား ၁၀ ဦးကို PDF ဟု မတရားဖမ်းဆီး သတ်ဖြတ်ပြီး အလောင်းဖျောက်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြောင်းကိုလည်း သိရသည်။


MeKong News - မဲခေါင်သတင်း

ရွာငံမြို့နယ်၌ ပျုစောထီးအဖွဲ့စီးနင်းလာသောကား ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး၊ ပျူစောထီးခေါင်းဆောင် အခြေအနေစိုးရိမ်ရ ရွာငံမြို့နယ်၌ ပျုစောထီးအဖွဲ့စီးနင်းလာသောကား ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး၊ ပျူစောထီးခေါင်းဆောင် အခြေအနေစိုးရိမ်ရ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.