တောင်သာ မြေစာရင်းရုံးကို ညီနောင်မဟာမိတ် (၄)ဖွဲ့ ပူးပေါင်းတိုက်ခိုက်၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒုဦးစီးမှူးအပါအဝင် ဝန်ထမ်း (၅)ဦးနဲ့ အုပ်ကြီးနဲ့ အရပ်သားတစ်ဦးကို ထိခိုက်
ဇွန် - ၉
မန္တလေးတိုင်း တောင်သာမြို့ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ မြေစာရင်းရုံးကို ဒီနေ့ မနက် (၁၁)နာရီလောက် ညီနောင်မဟာမိတ် (၄)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ဘက်မှာ မရပ်တည်ဘဲ စစ်ကျွန်ခံကာ အိမ်ယာမြေ၊ စိုက်ပျိုးမြေ၊ ချောင်းစံ လုပ်ပိုင်ခွင့်မှန်သမျှကို စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ် ခေါင်းပုံဖြတ်နေတာကြောင့် ဗုံးထုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုလက်အောက်ခံ ဒုဦးစီးမှူးဟာ ဦးခေါင်းနဲ့ ရင်ဘတ်ပေါက်ပြဲဒဏ်ရာ၊ လက်ထောက်ဦးစီးမှူးဟာ ယာဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ၊ ရုံးကိုရောက်နေတဲ့ အသက် (၅၀)ကျော် အမျိုးသားတစ်ဦးဟာ ယာဘက်ဦးခေါင်းပေါက်ပြဲ၊ ယာဘက်ပုခုံးပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့အတွက် မိတ္ထီလာဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
နောက်ထပ် လက်ထောက်ဦးစီးမှူးဟာ ယာဘက်ဒူးခေါင်းပေါက်ပြဲ၊ ယာလက်ပေါက်ပြဲဒဏ်ရာနဲ့ အခြား လက်ထောက်ဦးစီးမှူးတစ်ဦးဟာ ယာဘက်ခြေထောက် ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြေတိုင်း(၄)အဆင့်ရှိသူတစ်ဦးကတော့ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ဆည်ကုန်းရွာ အုပ်ချုပ်ရေးမှူးကတော့ ယာဘက်ပုခုံး၊ နဖူးတို့မှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ကြပြီး မစိုးရိမ်ရသူ လေးဦးကိုတော့ တောင်သာဆေးရုံမှာပဲ ကုသနေရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြည်သူဘက်မရပ်တည်တဲ့ CDM မပြုလုပ်သူ၊ ကိုယ်ကျိုးဦးစားပေးသူ၊ စစ်အုပ်စုအလိုကျ နေထိုင်သူတွေကိုလည်း ဆက်လက် တိုက်ခိုက်သွားမယ်လို့ ညီနောင်မဟာမိတ်လေးဖွဲ့က ထုတ်ပြန်ထားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment