စေတုတ္တရာ၊ ဇွန် ၇၊ ၂၀၂၂။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်း ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဇွန်လ ၆ ရက် မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ် ၁၀ စီး၊ အင်အား ၁၀ ဦးနဲ့ ကင်းပတ်လာတဲ့ အဲ့ဒီစစ်သားတွေကို ဒုံချောင်းကျေးရွာနဲ့ ထန်းကိုင်းကျေးရွာအကြား ငဖဲ -စေတုတ္တရာကားလမ်းမှာ တိုက်ခိုက်ခဲ့တာလို့ ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ People’s Revolution Alliance – PRA Magwe တာဝန်ခံက ပြောပါတယ်။
“မိုင်းတွေထောင်တာကတော့ ကျနော်တို့ ၇ လုံးလောက်ထောင်ထားခဲ့တယ်၊ ဒါပေမယ့် မိုင်းက အယ်ရာတက်သွားပြီး ရှေ့ဆုံးကနေလာတဲ့ ဆိုင်ကယ်ကိုပဲ ထိခိုက်သွားတယ်၊ ၆ လုံးကတော့ အယ်ရာတက်တာ၊ ကြိုး အယ်ရာတက်ပြီး မပေါက်ကွဲဘူး၊ အဲ့ဒါတွေကတော့ စစ်ကောင်စီက သိမ်းဆည်းရမိသွားပါပြီ၊” လို့ သူကပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်တွေဟာ အခုတိုက်ခိုက်ခံရတဲ့နေရာနဲ့ ၃ မိုင်အကွာရှိ ညောင်ရွာမှာ စခန်းချ နေထိုင်နေတာဖြစ်ပြီး၊ အဲ့ဒီဒေသတဝိုက်မှာ စစ်သား ၁၀ ဦးလောက်က အမြဲလိုလို ကင်းပတ်နေကြဖြစ်တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုအပြီး PDF ရဲဘော်တွေအနေနဲ့ လုံခြုံတဲ့နေရာကို အမြန်ပုန်းခိုနေရတာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိခဲ့ရပေမယ့် တပ်တွင်းသတင်းပေး ( ဖရဲသီး ) တဦးရဲ့ ပြောပြချက်အရ စစ်သား ၁ ဦးသေဆုံးခဲ့တယ်ဆိုတာ သိရတယ်လို့ လည်း PRA တာဝန်ခံက ဆက်ပြောပါတယ်။
“ပထမဦးဆုံး ထိလိုက်တဲ့ မိုင်းကြောင့် စစ်ကောင်စီအဖွဲ့ဝင် ၁ ဦးကတော့ မိုင်းထိပြီးနေရာမှာတင် သေသွားတယ်လို့ သိရပါတယ်၊ ဖရဲသီးတွေရဲ့ ပြန်လည်ပြောကြားချက်အရပေါ့၊ ဒီတခါတော့ ကျနော်တို့ဆီကို ရဲဖရဲသီးက သတင်းပို့တာပေါ့၊ အဲ့ဒီသတင်းပေးပို့အချက် သိရပါတယ်၊” လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မူကို Pepole's Revolution Allance ( PRA -Magwe ) နဲ့ Sidoktaya PDF တို့ ပှုးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေအနေနဲ့ ဘေးကင်းလုံခြုံခဲ့တယ်လို့လည်း ဆိုပါတယ်။
စေတုတ္တရာမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလအထိ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အကြိတ်အနယ် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး၊ လက်ရှိအချိန်မှာ အင်အားသုံးထိုးစစ်ဆင်တာတွေမရှိသေးပဲ သာမန်ကင်းလှည့်စစ်ဆေးတဲ့ အခြေအနေတွေတော့ရှိနေသေးတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment