ဖောင်းပြင်မှာ ဘုန်းကြီးကျောင်းထဲ အထိုင်ချနေထိုင်တဲ့ စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊ စစ်ကူလာလို့ စခန်း မသိမ်းနိုင်ပေမယ့် စကစ (၃၀)နီးပါး သုတ်သင်နိုင်ခဲ့ပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးဟုဆို

ဖောင်းပြင်မြို့ (ပုံဟောင်း)/Photo – CJ

ဇွန် - ၅

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရွှေညောင်ပင်ရွာ ဘုန်းကြီးကျောင်းထဲ စီးနင်းဝင်ရောက်ကာ အထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မနေ့က ညနေပိုင်းအချိန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အကြမ်းဖက်သမား (၃၀)လောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖောင်းပြင် PDF က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဇွန်(၄)ရက် ညနေ(၃)နာရီကျော်မှာ ဖောင်းပြင်မြို့နယ် ရွှေညောင်ပင်ရွာ ရွှေပုဂံကျောင်းတိုက်ထဲ အထိုင်ချနေတဲ့ အင်အား (၁၀၀)ကျော်ရှိတဲ့ စကစနဲ့ ပျူတွေကို ဖောင်းပြင် PDF နှင့် ပကဖ တပ်ဖွဲ့တွေ ပူးပေါင်းပြီး အင်အား (၈၀)ကျော်နဲ့ သွားရောက် စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အင်အား(၈၀)ခန့်သာရှိတဲ့ ဖောင်းပြင်(PDF)နဲ့ ပကဖ ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူ စကစနဲ့ပျူများဟာ အကာအကွယ်ကောင်းတဲ့ ဘုန်းကြီးကျောင်းထဲကနေပြီး အပြင်းအထန်ခုခံ ကြတယ်” လို့ ဖောင်းပြင် PDF က ဖော်ပြပါတယ်။

ဖောင်းပြင်အခြေစိုက် ခြေမြန်းတပ်ရင်းက စကစတွေ စစ်ကူရောက်လာလို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဖောင်းပြင်မြို့မရဲစခန်းကိုပါ ပစ်ခတ်ပြီး စစ်ကူမလာနိုင်ဖို့ ဟန့်တားထားပေမဲ့ ဖောင်းပြင်အခြေစိုက် ခြေမြန်တပ်ရင်းများမှ စစ်ကူများက ငှက်ပျောတောရွာဘက်မှ ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက် ရန်သူအင်အား ပိုများလာပြီး စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ PDF နဲ့ ပကဖ တွေဘက်က တစ်ယောက် ကျဆုံးပြီး နှစ်ယောက် မစိုးရိမ်ရ ဒဏ်ရာ ရပါတယ်။ စကစ နဲ့ ပျူ ဗာလတို့တွေဘက်က (၃၀)ကျော် ကျဆုံးပြီး အများအပြား ဒဏ်ရာရပါတယ်။ ဒီမနက် စစ်သား (၁၅)ယောက် ကားနှစ်စီးနဲ့ လာပြီး အလောင်းကောက်သွားတယ်။ ဘယ်မှာ မြေမြှုပ်မယ် မသိရပါ” လို့ ဖောင်းပြင် PDF က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဖောင်းပြင်နယ်ထဲ အင်အား တိုးမြှင့်ပြီး မြို့ပေါ်နှင့် မြို့နယ်အတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ(၂၆)ရက် ညနေပိုင်းက ဖောင်းပြင်မြိုနယ်၊ ရွှေထီးကုန်းကျေးရွာအနီးမှာ ရှိတဲ့ ဖောင်းပြင် PDF စခန်းကို အကြမ်းဖက် စစ်အုပ်စုက အင်အားအများအပြားနဲ့ မြေပြင်က ထိုးစစ်ဆင်ရုံမက ရဟတ်ယာဉ်တွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့ရာမှာ ဖောင်းပြင် PDF က ရဲမေ သုံးဦး အပါအဝင် ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဖောင်းပြင်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေကို ဖုန်းနှင့် အင်တာနက်တွေ ဖြတ်တောက်ထားပြီး လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ နေအိမ်မီးရှို့ တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

ဖောင်းပြင်မှာ ဘုန်းကြီးကျောင်းထဲ အထိုင်ချနေထိုင်တဲ့ စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊ စစ်ကူလာလို့ စခန်း မသိမ်းနိုင်ပေမယ့် စကစ (၃၀)နီးပါး သုတ်သင်နိုင်ခဲ့ပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးဟုဆို ဖောင်းပြင်မှာ ဘုန်းကြီးကျောင်းထဲ အထိုင်ချနေထိုင်တဲ့ စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊   စစ်ကူလာလို့ စခန်း မသိမ်းနိုင်ပေမယ့် စကစ (၃၀)နီးပါး သုတ်သင်နိုင်ခဲ့ပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးဟုဆို Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.