အင်းတော်၊ ဇွန် ၁၂၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ကင်းပုန်းဝတ်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေ ဇွန်လ ၁၂ ရက် ဒီမနက် ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မိုးညှင်းမြိုနယ်ဘက်ကလာတဲ့ စစ်သား ၃၀ ဝန်းကျင်ကို အင်းတော်မြို့နယ်၊ နန့်စီအောင်ရွာနဲ့ မော်လူမြို့အကြားမှာ KIA တပ်ဖွဲ့ဝင်တွေက မိုင်း ၇ လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက ၂ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေထိ ဖြစ်သွားတယ်လို့ KIA နဲ့ နီးစပ်သူ ရဲဘော်တဦးက ပြောပါတယ်။
“နန့်စီအောင်နဲ့ မော်လူးကြားမှာ မနက်က ၁၀ နာရီလောက်က မိုင်း ၇ လုံးနဲ့တိုက်တာ၊ သူတို့က မိုးညှင်းကနေလာကြတာ၊ စစ်သား နှစ်ကောင်က အသက်အန္တရယ်စိုးရိမ်ရတဲ့ ဒဏ်ရာရလို့ မိုးညှင်းဘက်ကို ကားနဲ့ပို့လိုက်တယ်၊” လို့ ပြောပါတယ်။
မိုင်းဆွဲလိုက်တဲ့အချိန်မှာလည်း တပ်သားတွေဟာ ချက်ချင်းထွက်ပြေးသွားခဲ့ကြပြီး၊ နောက်မှ လူပြန်စုကာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
“ထွက်ပြေးတဲ့ဟာထွက်ပြေး ဒဏ်ရာရလို့ လဲသွားတဲ့ဟာလဲသွား အဲ့လိုမျိုးပါပဲ၊ ပြီးတော့ လူပြန်စုပြီး လက်နက်ကြီးနဲ့ ရမ်းပစ်တယ်၊” လို့ အထက်ပါ ရဲဘော်တဦးက ဆက်ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်တွေဟာ မိုးညှင်းမြို့နယ်အခြေစိုက် ခလရ ၁၅ တပ်က ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဒဏ်ရာရတဲ့ စစ်သားတွေကို နန့်စီအောင်ရွာရှိ မြိုင်သာယာစာသင်ကျောင်းထဲမှာ လက်ရှိအချိန်ထိ တပ်စွဲထားရင်း ဆေးကုသနေပြီး၊ ကျန်တဲ့စစ်သားတွေကလည်း နန့်စီအောင်ရွာအနီးတဝိုက်မှာ လမ်းတွေပိတ်ပြီး လာသမျှ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတားဆီးတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment