စစ်ကိုင်း - မုံရွာလမ်းမှာ မိုင်းဖြုတ်သိမ်းပြီး ဓာတ်ပုံရိုက်တဲ့ စကစတချို့ မိုင်းထကွဲလို့ ပွဲချင်းပြီး သေဟုဆို
ပြီးခဲ့တဲ့ လပိုင်းက စစ်ကိုင်း - မုံရွာ ကားလမ်းပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတချို့ /Photo – S |
ဇွန် - ၅
စစ်ကိုင်း - မုံရွာကားလမ်း၊ စစ်ကိုင်းမြို့နယ် ချိုင်ကြီးရွာအနီးမှာ ဒီကနေ့ ဇွန်(၅)ရက် မနက်ပိုင်းက ကားလမ်းဘေး ထောင်ထားတဲ့ မိုင်းကို ဖြုတ်သိမ်းပြီးနောက် ဓာတ်ပုံရိုက်တဲ့ စစ်ကောင်စီ အကြမ်းဖက်သမား တချို့ မိုင်းပေါက်ကွဲလို့ ပွဲချင်းပြီး သေတယ်လို့ နယ်စည်းမခြား စစ်ကိုင်းသား ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
“မနက် (၈)နာရီ အချိန်မှာ နယ်စည်းမခြား စစ်ကိုင်းသား ထောင်ထားတဲ့ မိုင်နှစ်လုံးကို စခတွေ ဖြုတ်သိမ်းခဲ့ပြီး ချိုင်းကြီး ဘုန်းကြီးကျောင်းဘေးမှာ မိုင်းနဲ့အတူ ဓာတ်ပုံရိုက်ရင်း မိုင်းထကွဲ။ ငါးကောင်ဒွမ်” လို့ နယ်စည်းမခြား စစ်ကိုင်းသား ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။
အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ နယ်စည်းမခြား စစ်ကိုင်းသား ပြောက်ကျားတပ်ဖွဲ့ဟာ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်တာတွေ အပြင် အကြမ်းဖက် စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
စစ်ကိုင်း - မုံရွာ ကားလမ်းနဲ့ စစ်ကိုင်း - ရွှေဘိုလမ်းတွေမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေက စစ်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ဖြတ်သန်းသွားလာတာ ရှိသလို ပရဟိတကား၊ ခရီးသည်တင်ကား၊ အရပ်သားကားတွေနဲ့ အသွင်ယူ သွားလာနေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်ကောင်စီ အကြမ်းဖက်သမားတွေ စီးနင်းလာတဲ့ ကားတွေကို မိုင်းထောက်ဖောက်ခွဲ တိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment