မုံရွာ-မန္တလေးလမ်းတွင်အရပ်သားကားနှစ်စီးဖြင့်လာသောစစ်သားများမိုင်းခွဲတိုက်ခိုက်ခံရအရာရှိအပါအဝင်လေးဦးသေဟုထုတ်ပြန်
(အကြမ်းဖက်စစ်တပ်ယာဥ်တန်းအားမုံရွာ-မန္တလေးလမ်းမပေါ်တွင်ဧပြီလကုန်ပိုင်းကတွေ့ရစဥ်။ ဓါတ်ပုံ-CJ) |
စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ဖွဲ့များ လိုက်ပါလာသော ပရာဒိုကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအရာရှိတစ်ဦးအပါအဝင်၄ဦးသေဆုံးကြောင်း Farmers Revolution Force FRF(CHU)အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇွန်လ ၆ရက်)နေ့ကစစ်ကိုင်းမြို့မှမုံရွာ - မန္တလေးလမ်းမကြီးအတိုင်းထွက်ခွာလာသည့် အရပ်ဝတ်စစ်ကောင်စီတပ်သားများမောင်းနှင်လာသောပါရာဒိုအနက်ရောင်အရာရှိစစ်သားကား (၂) စီးအား မွန်းလွဲ ၂ နာရီခွဲခန့် တွင် ချောင်းဦးမြို့နှင့် မြင်းမူမြို့ကြားတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FRF(CHU)အဖွဲ့က ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီအရာရှိ(၁)ဦးအပါအဝင်စစ်ကောင်စီတပ်သား စုစုပေါင်း (၄)ဦး သေဆုံးပြီး (၃)ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မြေပြင်သတင်းပေးပို့မှုများအရ အတည်ပြုနိုင်သည်ဟုလည်းအသိပေးထားသည်။
"အဲဒီကားက မန္တလေးကနေ ဆင်းလာတာ။ အိမ်စီးကားဆိုတော့ သတင်းကိုသေချာအောင် ခိုင်မာအောင်စိစစ်ရတယ်။ ဘာလို့စိစစ်ရလဲဆိုတော့ကျွန်တော်တို့ကပြည်သူတစ်ယောက်တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးပါတယ်။ သေချာစိစစ်ပြီးမှ ဆွဲလိုက်တာပါ။ ပြည်သူတွေက ပါဝင်မှုအားကောင်းတော့ ဘယ်လိုယူနီဖောင်းချိန်းသွားတယ်၊ သိနေတာပေါ့။ ကားကနေရာမှာတင်ရပ်တန့်ပြီး ထိသွားတယ်။"ဟု FRF တာဝန်ရှိသူက People's Spring သို့ပြောသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်အား FRF (CHU)တပ်ရင်း၊မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့်ဗန္ဓုလညီနောင် တော်လှန်ရေးအင်အားစုများမှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။
FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။
FRF (CHU)အဖွဲ့သည်ဇွန်လ၅ရက်နေ့ကချောင်းဦးမြို့နယ်၊ကံဇီးကျေးရွာအနီးတွင် အကြမ်းဖက်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်သား၂ဦးသေဆုံးခဲ့သည်။
People's Spring
No comments:
Post a Comment