ရခိုင်၊ ဇွန် ၉၊ ၂၀၂၂
စစ်ကောင်စီကခန့်အပ်ထားသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်မှာ ယနေ့ ဇွန် ၉ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်တွင် ဓားဖြင့်ထိုးခံလိုက်ရ၍ သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသွားသူ ဦးပိုင်ပိုင်မှာ အမှတ် ၅ ရပ်ကွက်အပြင် အမှတ် ၄ ရပ်ကွက်ကိုပါ အုပ်ချုပ်နေသူတဦးဖြစ်ပြီး၊ ၎င်းကို စစ်မှူးထမ်းဟောင်းရုံးနှင့် စွယ်တော်ဘုန်းတော်ကြီးကျောင်း အကြားတွင် အမည်မသိလူများက ဓားနှင့်ထိုးသွားခြင်းဖြစ်သည်ဟု လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူ ကိုမျိုးလွင်က ပြောသည်။
“လူဘယ်နှစ်ယောက်က သတ်သွားတာလဲ၊ ဒဏ်ရာတွေဘယ်လောက်ထိရသွားလဲ တိတိကျကျမသိရသေးဘူး။ သေတာကတော့ အဲဒီဓားထိုးခံရတဲ့နေရာမှာဘဲ ပွဲချင်းပြီးသေသွားတာ။ သူ့ကိုပြည်သူလူထုက တင်ထားတာ မဟုတ်ဘူး။ တရားခံဘယ်သူဘယ်ဝါဆိုတာကိုလည်း မသိရသေးဘူး၊ ကျွန်တော်သိရသလောက်ကတော့ တရားခံက လွှတ်မြောက်နေတယ်လို့သိရတယ်။”ဟု ဆိုသည်။
ယင်းအပြင် ဦးပိုင်ပိုင်မှာ NLD အစိုးရလက်ထက်တွင် စရဖတဦးဖြစ်ခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ယခုလို အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက ခန့်အပ်ထားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကိုသိရှိရအောင် အမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် အမ်းမြို့မရဲစခန်းကို မြေလတ်အသံဌာနက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment