၀က်လက်နယ် ရှိမ္မကားရွာအနီး တိုက်ပွဲဖြစ်ပြီး ရှိမ္မကားရဲစခန်းကို စီးနင်းတိုက်ခိုက်၊ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ စစ်ကူလာလို့ စခန်းမသိမ်းနိုင်ပေမယ့် စကစ သုံးယောက်ကို သုတ်သင်နိုင်ခဲ့
ဇွန် - ၁၂
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ ရှိမ္မကားရဲစခန်းကို စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ရှိမ္မကားရွာအနီး တိုက်ပွဲဖြစ်စဉ်နှင့် ရှိမ္မကားရွာ ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ အကြမ်းဖက် စစ်အုပ်စု အနည်းဆုံး သုံးယောက်ကို သုတ်သင်နိုင်ခဲ့ပြီး စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ စစ်ကူလာတာကြောင့် စခန်းကို မသိမ်းပိုက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်းနှင့် တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်တွေ အကျအဆုံး မရှိဘဲ သုံးယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဝက်လက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်ကျားကြီးက ဆိုပါတယ်။
ဒီကနေ့ ဇွန်(၁၂)ရက် မနက်(၁၀)နာရီက ဝက်လက်မြို့နယ် ရှိန်းမကားရွာ တောင်ဘက် ဘေးမဲ့တော အနီး သဲကုန်းမှာ ရှိတဲ့ စိုက်ခင်းတဲတွေကို ရှိန်းမကားစခန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက မီးရှို့ ဖျက်ဆီးနေတဲ့အတွက် ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး စကစ သုံးယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ညနေ (၃) နာရီ အချိန်ခန့်တွင် မိမိတို့ ပူးပေါင်း အဖွဲ့သည် ရှိန်းမကား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ နမခမှ Mi-35 ဖြင့် ညနေ (၆) နာရီခန့်တွင် တရစပ် လာရောက် ပစ်ခတ်သောကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရပါသည်။ စခန်းသိမ်းစဉ် မိမိတို့ ဘက်မှ ရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ စခများ အထိအခိုက်ကို မသိရှိရသေးပါကြောင်း ထုတ်ပြန်အပ်ပါသည်” လို့ ဗိုလ်ကျားကြီးက ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုတွေကို ဝက်လက်ဒေသ ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ တောကြီးမြွေပွေး၊ လျှပ်စီးပျောက်ကျား-ဝက်လက်၊ GZ Special Task Force၊ နယ်စည်းမခြား တော်လှန်ရေး အင်အားစု၊ Adventure၊ Tiger King နှင့် LDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
“ပြည်သူများ အနေဖြင့် နက်ဖြန်မနက်မှ စပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ကာကွယ်ရေး တပ်ဖွဲ့များမှ တစုံတရာ မထုတ်ပြန် မချင်း အသုံးမပြုကြဖို့ တိုက်တွန်းအပ်ပါသည်” လို့လည်း ဝက်လက်ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ တိုက်ပွဲဖြစ်ပြီး အထိနာတိုင်း အခုလို ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်တိုက်ခိုက်တာ သုံးကြိမ်ထက်မနည်း ရှိပြီလို့ ဒေသကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။
ဝက်လက်နယ် ရှိမ္မကားရွာအနီးနှင့် ရှိမ္မကားရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်စဉ်နှင့် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်စဉ်/Photo - ဗိုလ်ကျားကြီး / CJ
Mandalay Free Press - MFP
No comments:
Post a Comment