ကလေးမြို့တောင်ပိုင်း၊ နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့ (ဇွန်၁ရက်)က ၁၀ နာရီကြာတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး PDFရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း PDF(ကလေး)က ထုတ်ပြန်သည်။
နတ်ချောင်းရွာ၊ အထက်တန်းကျောင်းနှင် အောင်ဆုပန်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့နံနက် ၈နာရီမှ ညနေ၆နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PDF(ကလေး)က ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှာ သုံးဦးသေဆုံးပြီး လက်နက်ကြီး မတော်တဆကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု PDF(ကလေး)က ဆိုသည်။ ထို့အပြင် PDF(ကလေး) မှ တပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။
“စစ်ကိုင်းတိုင်းက ကလေးမြို့နယ်တောင်ပိုင်းတွင် ခွေးများ (စစ်ကောင်စီတပ်) နဲ့ ပွဲကရတာ ရက်လတွေ ကြာမြင့်ခဲ့ပါပြီ။ အချို့ PDF Kalay စခန်းတွေအသိမ်းခံခဲ့ရပါပြီ။ စကစတွေဟာ စစ်ကိုင်းက PDF Kalay ကို အပြုတ်တိုက်ဖို့လုံးဝပြင်နေကြပါတယ် စစ်ကိုင်းမြေက PDF Kalay တပ်ရင်းများဟာ လုံးဝ အကူညီလိုအပ်နေပါတယ်ဗျာ”ဟု PDF(ကလေး) တပ်သားတစ်ဦးက ၎င်း၏ လူမူကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါ တိုက်ပွဲကို PDF (ကလေး) ၊ CNDF ၊ CDF (KKG) နှင့် ပ.က.ဖ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းမှ ပစ်ခတ်သည့်လက်နက်ကြီး ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်ခုနစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အသက်အန္တရာယ်ထိခိုက်နိုင်သည့်အထိ ဒဏ်ရာပြင်းထန်ခဲ့သည်။
စစ်ကောင်စီတပ်က နတ်ချောင်းရွာပြည်သူပိုင်အိမ်များကို ယနေ့နေလယ်မှ စတင်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု PDF(ကလေး)က ထုတ်ပြန်ထားသည်။
“ဒီအတိုင်းသာဆိုရင် ကလေးမြို့လည်း ဒုတိယ ထန်တလန်မြို့လိုဖြစ်တော့မယ်။ စခ(စစ်ကောင်စီတပ်)က မီးရှို့တာ ရွာလုံးကျွတ် အကုန်ကုန်ပြီ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
ယမန့်နေ့ (မေ ၃၁ ရက်)နေ့လယ် ၂နာရီခန့်ကလည်း ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးထိမှန်၍ အသက် ၅နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယွတစ်ဦးအပါအဝင် ပြည်သူ လေးဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ယမန့်နေ့ ည ၆နာရီကစတင်ပြီး စစ်ကောင်စီတပ်က နတ်ချောင်းရွာကို မီးရှို့ခဲ့သည်။
People's Spring
No comments:
Post a Comment