၀က်လက်မှာ စစ်အုပ်စုနှင့်ပေါင်းပြီး ဒေသခံတွေကို ဖိနှိပ်နေတယ်ဆိုတဲ့ ကျောင်းဆရာမနှင့် ညီမဖြစ်သူ အသတ်ခံရ


ဇွန် - ၇

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဘိုတဲကျေးရွာက ကျောင်းဆရာမ ဒေါ်မိုးမိုးခိုင်နှင့် ညီမဖြစ်သူ မတူး (ခ) ကေဇာခိုင်တို့ မနေ့က ဇွန်(၆)ရက် ညနေပိုင်းမှာ နေအိမ်အတွင်း ရှိနေချိန် အသတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီ ကျောင်းဆရာမနှင့် ညီမဖြစ်သူတို့ဟာ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းပြီး CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ၊ စစ်အုပ်စုကို ငွေပေးပြီး ရွာသူရွာသားတွေကို ဖမ်းဆီးခိုင်းတာတွေကြောင့် သုတ်သင်ရှင်းလင်း ခဲ့တာလို့ ဝက်လက် Tiger King ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“ဝက်လက်မြိုနယ် ဘိုတဲကျေးရွာမှ Non-CDM ဆရာမ မမိုးမိုးခိုင်နှင့် ညီမဖြစ်သူ မတူး တို့သည် ကျေးရွာရှိ လူများကို ဖမ်းဆီးရန် ငွေကြေးများပေး၍ စခများကို ခေါ်ယူမှုများ ပြုလုပ်ခဲ့သည်။ CDM ဆရာ/မ များကိုလည်း  ခြိမ်းခြောက်၍ စခများထံ သတင်းပေးမှုများ ပြုလုပ်ခဲ့သည်။ စခများ စစ်ကြောင်း ဝင်ရောက်လျှင်လည်း စခများကို ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။ အများပြည်သူများကို ဒုက္ခရောက်စေမည့်၊ အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များ လုက်ဆောင်နေသည့်အတွက် ကျွန်တော်တို Tiger King ပြောက်ကျားတပ်ဖွဲမှ သွားရောက်သုတ်သင် ရှင်းလင်းခဲ့ကြောင်း အသိပေး အတည်ပြု ကြေညာအပ်ပါသည်” လို့ Tiger King က ဖော်ပြပါတယ်။

ဝက်လက်နယ်ထဲ လုယက် သတ်ဖြတ် သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက် အကြမ်းဖက်သမားတွနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို ဆက်လက် သုတ်သင်မယ်လို့လည်း Tiger King ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

“အပြစ်မဲ့ ပြည်သူများကို ဒုက္ခရောက်စေမည့်၊ အန္တရာယ် ဖြစ်စေမည့် စခ ထောက်တိုင်၊ သတင်းပေး၊ ပျူများနှင့် အပြစ်ရှိကြောင်း ထင်ရှားသူများကို ဆက်လက်သုတ်သင် ရှင်းလင်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်” လို့ Tiger King ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းပြီး ဒေသခံတွေကို ဖိနှိပ်တဲ့အတွက်ဆိုပြီး အသတ်ခံရတဲ့ ကျောင်းဆရာမ ဒေါ်မိုးမိုးခိုင်ဟာ မူလွန်ကျောင်းအုပ် ဖြစ်ပြီး သူတို့ ညီအမနှစ်ဦးကို မနေ့က ညနေပိုင်းမှာ နေအိမ်မှာ ရှိနေချိန် PDF တွေက ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်သွားတာလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဝက်လက်မြို့နယ် ကျောက်တိုင်ရွာထဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေ နှစ်ရက်ကြာ ဝင်မွှေလုယက်ပြီးနောက် ပြည်သူ့နေအိမ်အလုံး (၁၀၀)ကျော်ကို ပြာကျအောင် မီးရှို့ခဲ့သလို ဒေသခံပြည်သူ လေးဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ ကျောက်တိုင်ရွာထဲက စစ်အုပ်စု ပြန်ထွက်သွားချိန် ဒေသခံတချို့ မီးလောင်ပြင်ကို ရှင်းလင်းရာက စစ်အုပ်စု သတ်ဖြတ်သွားတဲ့ အလောင်းတွေ တွေ့ရတာဖြစ်သလို စစ်အုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတဲ့ ပြည်သူ (၁၀)ဦးကျော်လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။


Mandalay Free Press - MFP

၀က်လက်မှာ စစ်အုပ်စုနှင့်ပေါင်းပြီး ဒေသခံတွေကို ဖိနှိပ်နေတယ်ဆိုတဲ့ ကျောင်းဆရာမနှင့် ညီမဖြစ်သူ အသတ်ခံရ ၀က်လက်မှာ စစ်အုပ်စုနှင့်ပေါင်းပြီး ဒေသခံတွေကို ဖိနှိပ်နေတယ်ဆိုတဲ့ ကျောင်းဆရာမနှင့် ညီမဖြစ်သူ အသတ်ခံရ Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.