ဇွန် - ၄
စစ်ကိုင်းတိုင်းမှာ လေးရက် (ဇွန် ၁ ရက် - ဇွန် ၄ ရက်)အတွင်း စစ်အုပ်စု က မြို့နယ် (၁၁) ခု က ရွာပေါင်း (၁၅) ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား (၇) ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
ဒီ (၄) ရက် အတွင်း ရွာအများစုရဲ့ မီးလောင်ဆုံးရှုံးမှုစာရင်းတွေကိုတော့ မရရှိသေးဘဲ MFP က ဆက်လက် စုစည်းပြုစုနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ဇွန်လ (၁) ရက် မနက် (၇) နာရီကျော်မှာ စစ်အုပ်စုက ကန့်ဘလူနယ် ကိုးတောင်ဘို့ရွာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကိုဝင်းထွန်းအောင် နေအိမ်ပေါ်ကို ကျရောက်ခဲ့ပြီး အသက် (၆) နှစ်အရွယ် သားဖြစ်သူနဲ့အတူ ဇနီး ၊ ယောက္ခမ တို့ ကာကွယ်ရေးဝန်ကြီးဌာန- အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ပြထားပါတယ်။
ဇွန်လ (၄) ရက်မှာတော့ ကနီမြို့နယ်၊ တဇယ်ချောင်အနီးမှာ သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ တဇယ်ချောင်ရွာသား (၄) ဦး (ကိုအဲဖြိုး(-)၊ ဦးခင်မောင်တင့်(၃၅နှစ်)၊ ဦးဇော်(၄၅နှစ်)နဲ့ ကိုပု (၂၅နှစ်)တို့ရဲ့ ပုတ်ပွနေတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
အသက်ခံသူတွေဟာ စစ်အုပ်စုက မေလ (၃၁) ရက်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံရသူများဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စု က ကျေးရွာပေါင်း (၁၀၀) ကျော် အတွင်းရှိ လူနေအိမ် (၅,၀၀၀) ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ဖျက်ဆီးခံရမှု အများဆုံး တိုင်းဒေသကြီးလည်း ဖြစ်ပါတယ်။
Data For Myanmar က ပြုစုထားတဲ့စာရင်းများအရ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်ကနေ ၂၀၂၂ ဧပြီလ (၃၀) ရက်အထိ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် အရေအတွက် (၇,၅၀၃) အိမ် ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း နေအိမ် (၅,၀၀၀) ကျော် မီးရှို့ခံထားရတဲ့အတွက် စုစုပေါင်း နေအိမ် (၁၂,၀၀၀) ကျော်(မြေပြင်တွင် ပိုများနိုင်) မီးရှို့ဖျက်ဆီးခံထားရပါတယ်။
MFP က ဒီနေ့ ညနေ (၆) နာရီအထိ နောက်ဆုံးရရှိလာတဲ့ သတင်းအချက်အလက်များကို အခြေခံပြုစုထားခြင်းဖြစ်ပြီး မြေပြင်အခြေအနေနဲ့ ကွဲလွဲမှု အနည်းငယ် ရှိနိုင်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment