စစ်ကောင်စီက ရွာငံနဲ့ ပင်းတယမြို့ခံတွေကို ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ


ဇွန်လ ၄ ရက်၊ ရွာငံ

ရှမ်းတောင် ရွာငံနဲ့ ပင်းတယမြို့နယ်ထဲက ဒေသခံတွေကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် ညနေပိုင်းမှာ သံသယရှိတယ်ဆိုပြီး ပင်းတယမြို့နယ်က ဒေသခံ (၁၀)ဦးကို ဖမ်းဆီးသွားပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေပါဝင်နေပြီး ကိုယ်ထိလက်ရောက် စော်ကားခံနေရတယ်လို့လည်း အမည်မဖော်လိုတဲ့ ပင်းတယ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဖမ်းခံရတဲ့သူတွေက နာမည်ကျော်ကြားတဲ့ သူတွေ မဟုတ်သလို တော်လှန်ရေးသမားလည်း မဟုတ်ဘူး။ သံသယရှိတဲ့သူတွေကို ဖမ်းဆီးပြီး စစ်ဆေးတာမျိုး ပြီးပြန်လွှတ်လာတဲ့သူတွေလည်းရှိတယ်။ သူတို့ဖမ်းတာကတော့ PDF တွေနဲ့ ဆက်နွယ်မှုရှိလား။ သူတို့ သိချင်တဲ့အတွက် လိုက်ဖမ်းတဲ့ သဘောပါပဲ”

အလားတူ ပြီးခဲ့တဲ့ မေလ ၂၉ ရက်မှာ ပင်းတယမြို့နယ် မြိုင်ကျင်ကျေးရွာထဲက အမျိုးသားတစ်ဦးကို ဝင်ရောက် ဖမ်းဆီးသွားပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

“တစ်ခါဖမ်းရင် ဆယ်ယောက်ထက် မနည်းဘူး။ ဒါပေမဲ့ ထိန်းသိမ်းစစ်ဆေးပြီးရင် ပြန်လွှတ်ပေးတယ်။ ရိုက်နှက်ခံရတဲ့ တချို့သူတွေလည်းရှိတယ်။ ရွာငံက ဖမ်းဆီးခံရတဲ့ ရွာခံတချို့တွေကတော့ ပိုပြီးနှိပ်စက်ခံရတယ်။ အမျိုးသမီးတွေလည်း ပါတယ်ဆိုတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာမျိုးတွေရှိတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးတာ၊ နေအိမ်မီးရှို့တာနဲ့ နေအိမ်ထဲ ဝင်ရောက် မွှေနှောက်တာကြောင့် ရွာခံ (၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိ တိမ်းရှောင်နေရတဲ့ စစ်ရှောင် (၆၀၀)ကျော်လည်း စားဝတ်နေရေးအခက်အခဲရှိသလို ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစ မိခင်တွေအတွက် အကူအညီလိုအပ်နေပါတယ်။

ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်အရ ပင်းတယနဲ့ ရွာငံမြို့နယ်ထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၁၀)ဦးထက်မနည်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ (၅၀)ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ (၅၀)ဝန်းကျင်မှာ တချို့က ရိုက်နှက်ခံရပြီး ဒဏ်ရာပြင်းထန်စွာနဲ့ ပြန်လွတ်လာတဲ့သူတွေ ရှိပေမယ့် စာရင်းအတိအကျတော့ မရသေးပါဘူး။


Shwe Phee Myay News Agency 

စစ်ကောင်စီက ရွာငံနဲ့ ပင်းတယမြို့ခံတွေကို ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ စစ်ကောင်စီက ရွာငံနဲ့ ပင်းတယမြို့ခံတွေကို ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.