ကျိုက်ထိုမြို့နယ်တွင် စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၍ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ
ဓာတ်ပုံ - KNU |
ဇွန်လ ၈ ရက်
ယမန်နေ့ ဇွန်လ (၇)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်ထိန်းချုပ်နယ်မြေဖြစ်သော ဒေါင်းတောင်(လက်ပံပင်ရွာနှင့် ဘိုက္ကားကျေးရွာအကြား)၌ စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းကို ကရင့်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၀) ဦးသေဆုံးကာ၊ (၁၅) ဦးထိခိုက်ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီ ယာဥ်တန်းသည် စစ်အင်အားအပြည့်ဖြင့် ပဲခူးမှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ဒေါင်းတောင် သို့အရောက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီယာဥ်တန်းနှင့် KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး KNLA နှင့်ပူးပေါင်းအဖွဲတို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာခဲ့သည်ဟု KNU က ရေးသားဖော်ပြထားသည်။
ယခုတစ်ပတ်အတွင်း၌ ကေအဲန်ယူ-သထုံခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံတပ်များမှ စစ်ရေးလှုပ်ရှားမှုများနှင့် စစ်အင်အားတိုးချဲ့လာခြင်းကြောင့် နယ်မြေခံ KNLA/ KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်များအကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment