ရေစကြိုမှာ မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး


ရေစကြို၊ ဇွန် ၁၅၊ ၂၀၂၂။ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဇွန်လ ၁၄ ရက် မနေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မနေ့မနက် ၆ နာရီလောက်က ဆိုင်ကယ် ၄ စီးနဲ့လာတဲ့ စစ်သား ၈ ဦးဟာ ဆင်ချောင်းကျေးရွာနဲ့ ဇီးကုန်းရွာအကြားအရောက် ဆိုင်ကယ်ပေါ်ကဆင်းကာ မြေပြင်မှာဝပ်ရင်း ရှေ့ဆက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး၊ ၃ ဦး ဒဏ်ရာရရှိကာ ၂ ဦးကတော့ ထွက်ပြေးသွားတယ်လို့ ရေစကြို PDF မှ ဗိုလ်မှိုင်းတေဇ က ပြောပါတယ်။ 

“၂ ယောက်ကတော့ ခွေးပြေးဝက်ပြေး ပြေးပြီး ထွက်ပြေးသွားနိုင်တယ်၊ ကျန်တဲ့ ၆ ယောက်ကတော့ အဲ့ဒီနားမှာပဲတင် ပျောက်ထွက်သွားတယ်၊  အော်သံလဲမကြားရတော့ဘူး၊ လုံးဝ အပျောက်ဖြစ်သွားတယ်၊ စုံစမ်းလိုက်တဲ့အခါကျတော့ ၃ ယောက်လောက်ပဲ သေတယ်၊  ၃ ယောက်လောက်က ဒဏ်ရာပဲရတယ်လို့ သိရတယ်၊” လို့ ပြောပါတယ်။  

အဲ့ဒီစစ်ကောင်စီဆိုင်ကယ်တွေကို မတိုက်ခိုက်ခင် အစောပိုင်းမှာလည်း အဖြူရောင် အံစာတုန်းကား စီးလာတဲ့ စစ်သားတွေကို ဆင်ချောင်းရွာအနီးမှာ မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ပေမယ့် ကားနောက်ခြမ်းသာ ပျက်ဆီးသွားပြီး၊ လူ ထိခိုက်၊ သေဆုံးတာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ 

ခုရက်ပိုင်း ရေစကြိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေကလည်း ဆက်တိုက်ဆိုသလိုဖြစ်နေပြီး၊ စစ်ကောင်စီဘက်ကလည်း ရေစကြိုနယ်က ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်တာတွေအပြင် ဒေသခံပြည်သူတွေကိုလည်း အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်လျှက်ရှိနေတာပါ။ 

ရှေ့ဆက်ပြီး ရေစကြိုနယ်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေ အသုံးပြုနိုင်တဲ့ လမ်းတွေကို တတ်နိုင်သလောက်ရှောင်ရှားပေးဖို့ကိုလည်း ဗိုလ်မှိုင်းတေဇက ဆိုပါတယ်။ 

“ပြည်သူလူထုအနေနဲ့က အကြမ်းဖက်စစ်ကောင်စီအသုံးပြုတဲ့ လမ်းတွေကို တတ်နိုင်သလောက်ရှောင်ပေး၊ စစ်ကောင်စီနဲ့ လမ်းမှာ တွေ့ပြီဆိုရင်လဲ ကျည်တဂန်းကျော်တဲ့ မီတာ ၅၀၀ အကွာဝေးလောက်ကနေပဲ လိုက်ပါ သွားလာတာမျိုး လုပ်ပါ၊ မီတာ ၅၀၀ အတွင်းထဲကို လုံးဝမဝင်ပါနဲ့လို့ ပြည်သူလူထုကို ပြောချင်တယ်၊” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် မနက် ၉ နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ်တွေလိုက်ပါလာတဲ့ အဖြူရောင် ဟိုက်ဂျက်ကား တစီးကို ပခုက္ကူ - ရေစကြို ကားလမ်းပေါ်ရှိ ကျီးကန်ရွာအနီးမှာ ရေစကြို PDF နဲ့ မဟာမိတ်အဖွဲ့  ၄ ဖွဲ့က ပူးပေါင်းတိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ရေစကြိုမှာ မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး ရေစကြိုမှာ မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.