လောင်းရှည်ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးပြီး ၁ ဦးစစ်ကြောရေးမှာသတ်ဖြတ်ကာ အလောင်းဖျောက်
ဇွန်လ ၄ ရက်
မကွေးတိုင်း၊ဆောမြို့နယ်၊လောင်းရှည်မြို့၊ ဆီမီးကျေး ရွာကို စစ်ကောင်စီတပ်က မေလ ၃၁ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးကို PDF နဲ့ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းဒေသခံများထံကသိရသည်။
စစ်ကောင်စီ၏ ကပစ၂၅ တပ်မှ အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကာ ဆီမီးရွာခံများဖြစ်သည့် ကိုအောင်ကျော်စိုး၊ ကိုအောင်မျိုးထွန်း(ခ)မောင်သား၊ကမုဝင်းထွဋ်ကို(ခ)ကုလားလေး ၊ မရီရီစန်းနှင့် ဆီမီးရွာခံမဟုတ်သည့် ကိုအောင်ကိုလင်း (ခ) ငဘန် တို့အား ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် အမျိုးသမီးအား လောင်းရှည်ရဲစခန်းတွင်ချုပ်နှောင်ထားပြီး အမျိုးသား ၄ ဦးကို ကပစ ၂၅ တပ်တွင်းစစ်ကြောရေးသို့ပို့ဆောင်ပြီးနောက် ကိုအောင်ကိုလင်းသည် စစ်ကောင်စီတပ်၏ နှိပ်စက်မှုများကြောင့်သေဆုံးသွားခဲ့ကာ စစ်ကောင်စီတပ်က အလောင်းဖျောက်ဖျက်လိုက်ကြောင်းသိရသည်။
'' ဆီမီးရွာဆိုတာ အာဏာမသိမ်းခင်က ၂၅ တပ်က လာပြီးသောက်စားသွားလာနေတဲ့ရွာ။ အာဏာသိမ်းပြီးတော့ ဒေသခံတွေကိုရန်သူလိုဆက်ဆံလာတာ။ ခုလည်းဘာမှရေရေရာရာမရှိဘဲ ဝင်ဖမ်းသွားတာ။ တယောက်က စစ် ကြောရေးမှာ ၂ရက်နေ့လောက်က သေသွားပြီလို့သိရတယ်။ သူတို့ဘာသာမြေမြုပ်လိုက်တယ်ဆိုတာ သိရတယ်'' ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျန်ရှိသည့် ဒေသခံများသည် စစ်ကောင်စီတပ်၏ ကပစ ၂၅ စစ်ကြောရေးတွင်ဆက်လက်ဖမ်းဆီးနှိပ် စက်ခံနေရပြီး မိသားစုဝင်များကစိုးရိမ်နေကြောင်း ဒေသခံများကပြောသည်။
ကပစ ၂၅ တပ်သည် ၂၀၁၀ ခုနှစ်ကစတင်၍ လောင်းရှည်မြို့နယ်တဝိုက်ရှိ ဒေသခံများ၏ လယ်၊ယာ၊ရွာမြေများကို ၄င်းတို့တပ်အပိုင်အဖြစ် အဓမ္မသိမ်းဆည်းခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ဝန်းကျင်အထိ မြေယာသိမ်းဆည်းမှုများနှင့်ပတ် သက်၍ ဒေသခံရွာများနှင့်အ ငြင်းပွားမှုပြသနာများ အများအပြားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment