ကလေးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရခဲ့၊ PDF တဦး ကျဆုံး


ကလေး၊ မေ ၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးသေဆုံးကာ လက်နက် ၄ လက်သိမ်းဆည်းရမိခဲ့တယ်လို့ CDF-KKG တာဝန်ခံဆီက သိရပါတယ်။

မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၄ ခုနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ရှားဖိုကျေးရွာမှာ ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီမတိုင်ခင်မှာကတည်းက ကလေးမြို့နယ်ထဲက အရှေ့စည်းရွာမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့တာလို့ Chinland Defense Force- Kalay-  Kabaw- Gangaw (CDF -KKG ) တာဝန်ခံက ပြောပါတယ်။

"စစ်ကောင်စီက ပျူတွေနဲ့အင်အား ၄၀၀ ကျော်ပေါင်းပြီး‌ ခြေလျင်စစ်ကြောင်းထိုးလာတာဗျ။ ပထမ ကလေးမြို့အရှေ့စည်းရွာမြောက်ဘက်ကနေ အင်အား ၁၀၀ နဲ့ အရှေ့ဆီးဘက်ကို စစ်ကြောင်းထိုးလာတာ၊ ကျနော်တို့အဖွဲ့တွေအားလုံးပေါင်းပြီး ခုခံတိုက်ခိုက်ကြတယ်။ အဲဒီနေ့မှာ သူတို့အထိနာတယ်" လို့ CDF -KKG တာဝန်ခံက ပြောပါတယ်။

ဧပြီ ၂၇ ရက်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲမှာကတည်းက လက်နက်တွေ သိမ်းမိထားခဲ့ပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့မှာ ပြန်ပြီးစစ်ကြောင်းထိုးဝင်ရောက်ခဲ့လို့ CDF -KKG ဘက်က ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။

မေလ ၂ ရက်မှာလည်း ပျူစောထီးအင်အားကောင်းတဲ့ ရွာ ၅ ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ ထပ်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာကို ပြန်ခုခံနိုင်ခဲ့ပြီး အဲ့ဒီနေ့က သေနတ်‌ ၄လက်သိမ်းဆည်းရခဲ့တယ်လို့ ပြောပါတယ်။

"မေလ ၃ ရက်နေ့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလို့မနိုင်တာကြောင့် ပျူစောထီးနဲ့စစ်တပ် အင်အား ၅၀၀ နဲ့ ရှားဖိုရွာကိုဝိုင်းပြီးတော့ စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာပေမဲ့ရွာထဲကိုမဖောက်နိုင်ဘူး။ သူတို့ဘက်က ဒရုန်းအကြီးစားနဲ့ဗုံးသီးတပ်ပြီးကျဲမှာလုပ်တယ်။ အဲဒီဒရုန်းကို ကျနော်တို့တပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့တယ်" လို့ သူကဆိုပါတယ်။

ဘယ်လိုမှ မထိုးဖောက်နိုင်တော့တဲ့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးရဟတ်ယာဥ်သုံးပြီး ရှားဖိုတရွာလုံးကို ကျည်ကုန်တဲ့အထိပစ်ပြီး ပြန်သွားခဲ့ပေမယ့် နောက်တခေါက်ပြန်လာပြီး ‌လေယာဥ်နဲ့ ဗုံးကြဲခဲ့သေးတယ်လို့ CDF - KKG တာဝန်ခံက ပြောပါတယ်။

ကလေးမြို့နယ်က အဲ့ဒီတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ပျူစောထီးအပါအဝင် စစ်သား ၁၀ ဦး အနည်းဆုံးသေဆုံးခဲ့ပြီး MA ၂ လက်၊ ကာဗိုင်က ၂ လက်နဲ့ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့သလို ဒရုန်းတစီးကိုပါ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ကလေးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရခဲ့၊ PDF တဦး ကျဆုံး ကလေးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရခဲ့၊ PDF တဦး ကျဆုံး Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.