စစ်ကောင်စီကမ်းလှမ်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်နိုင်ဘူးလို့ KNU ထုတ်ပြန်



မေ ၉ ၊၂၀၂၂ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါတဲ့ ဆွေးနွေးဟာ ကန့်သတ် ဖိတ်ကြားမှု ပုံစံဖြစ်နေပြီး သက်ဆိုင်သူအားလုံး ပါဝင်မှုမရှိတာကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မရရှိနိုင်သလို လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ချုပ်ငြိမ်းနိုင်မယ်မဟုတ်တာကြောင့် ဆွေးနွေးပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

စစ်ကောင်စီက ဖိတ်ကြားတဲ့ဆွေးနွေးပွဲကိုတက်ရောက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကိုဖိအားပေး ခြိမ်းခြောက်မှုတွေရှိပေမဲ့လည်း ဆွေးနွေးပွဲကိုမတက်ရောက်ဘူလို့ KNU ကတုံ့ပြန်လိုက်တာပါ။

KNU အနေနဲ့စစ်ကောင်စီကဖိတ်တဲ့ဆွေးနွေးပွဲကို မတက်ရင် ကရင်ပြည်နယ်ကို အကြီးစားစစ်ဆင်ရေးတွေလုပ်မှာဖြစ်သလိုရုရှားနိုင်ငံကဝယ်ယူထားတဲ့ ဗုံးသီးတွေနဲ့လေကြောင်း တိုက်ခိုက်မှုတွေလုပ်မယ်လို့စစ်ကောင်စီကိုထောက်ခံသူတွေ၊ စစ်ခေါင်းဆောင်တွေနဲ့ဆက်နွယ်ပတ်သက်သူတွေက ပြောဆိုကြပါတယ်။ 

အခုလိုဖိအားပေးသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ကြားကပဲ KNU ဖက်က “ ဖိတ်ကြားမှုသည်ကန့်သတ်ဖိတ်ကြားမှုပုံစံဖြစ်နေပြီး သက်ဆိုင်ပတ်သက်သူများအားလုံး ပါဝင်ခြင်းမရှိသည့်အတွက် အားလုံးပါဝင်ဆွေးနွေး သည့်အခင်းအကျင်း မဖြစ်သည့်အတွက်  တက်ရောက်လိမ့်မည်မဟုတ်ဟု” ဒီကနေ့ရက်စွဲနဲ့ KNU က ကြေညာချက်ထုတ်တုံ့ပြန်လိုက်ပါတယ်။

NCA စာချုပ်ကိုလက်မှတ်ထိုးထားတဲ့ KNU အနေနဲ့စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်ခဲ့သလိုစစ်တပ်ကနိုင်ငံရေးကနေစွန့်ခွာပြီးမူလနေရာမှာ ပြန်လည်နေထိုင်ဖို့ KNU က သဘောထား ထုတ်ပြန်ပြောဆိုခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေနဲ့KNU/KNLA ပူးပေါင်းတပ်တွေကြား KNU ထိန်းချုပ်နယ်မြေအတော် များများမှာထိတွေ့တိုက်ပွဲတွေဖြစ်လာနေသလို စစ်ကောင်စီဖက်က ကျေးရွာတွေအပေါ်ဗုံးကြဲတိုက်ခိုက်တာ တွေ ရှိတဲ့အတွက် ကရင်ပြည်နယ်ထဲမှာတော့စစ်ဘေးရှောင်ဦးရေဟာ အရင်ကထက်များပြားလာနေပါတယ်။


Salween Press

စစ်ကောင်စီကမ်းလှမ်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်နိုင်ဘူးလို့ KNU ထုတ်ပြန် စစ်ကောင်စီကမ်းလှမ်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်နိုင်ဘူးလို့ KNU ထုတ်ပြန် Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.