မေလ ၁၃ ရက်၊ လားရှိုး
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက် မနက် ၉ နာရီခွဲမှာ ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ဂိတ်မှာ စစ်ကောင်စီက ပန်ခါးလေးကျေးရွာဥက္ကဋ္ဌကို သေနတ်နဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရတဲ့ ပန်ခါးလေးရွာဥက္ကဌဟာ အသက် (၃၁)နှစ်အရွယ် ဦးမိုင်းအားတီဖြစ်ပြီးတော့ ဖခင်ဖြစ်သူအတွက် ဆေး သွားဝယ်ပေးပြီး အပြန်လမ်းမှာ ပစ်သတ်ခံရတာပဲ ဖြစ်ပါတယ်။
"သူက လားရှိုးကနေ ပန်ခါးလေးရွာကို ဆိုင်ကယ်နဲ့ ပြန်သွားတဲ့အချိန်မှာ မယ်ဟန်ဂိတ်မှာ စစ်သားတစ်ယောက်က ဆိုင်ကယ် ရပ်ခိုင်းလိုက်တယ်။ သူမရပ်ပဲ ဆက်မောင်းလိုက်တော့ သူတို့က သေနတ် နှစ်ချက်ပစ်လိုက်တယ်" လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ဒီနေ့မှာ ပြောပါတယ်။
စစ်ကောင်စီက ပစ်သတ်လိုက်တဲ့ ဦးမိုင်းအားတီကို လားရှိုး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေမယ့်လည်း ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားတဲ့ ဦးမိုင်းအားတီဟာ သား ၂ ဦးနဲ့ သမီးတစ်ဦး ရှိတယ်လို့လည်း သိရပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment