မေ - ၂
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပျားသုံးရွာက အသက်(၃၀)အရွယ် ကိုစိုးသူနဲ့ ရွှေဘိုနယ် တအုံရွာက ကိုအေးလင်းတို့ကို အကြမ်းဖက် စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မေလ(၁)ရက်က မင်းကင်းမြို့နယ် ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ အနီးအနားက ပျားသုံးရွာထဲကို ဝင်မွှေလုယက် သောင်းကျန်းပြီးနောက် အသက်(၃၀)အရွယ် ကိုစိုးသူကို ဖမ်းဆီးကာ ခိုးရာပါ ပစ္စည်းတွေ လိုက်ပို့ခိုင်းပြီးနောက် ကျော်ရွာအရောက်မှာတော့ ကိုစိုးသူကို သတ်ဖြတ်လိုက်သလို လှည်းကိုလည်း မီးရှို့ဖျောက်ဖျက်လိုက်တယ်လို့ ကျော်ရွာဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
"မနေ့က ပျားသုံးရွာကို ဒီကောင်တွေ ဝင်မွှေသွားတာ။ စစ်ဘေးရှောင်တဲတွေလည်း မီးရှို့ထားခဲ့တယ်။ ရွာထဲက ဆီတွေ၊ ဆန်တွေ၊ ဆိုလာပြားတွေကိုလည်း လှည်းနဲ့တိုက်ယူသွားတာ နောက်ပြီး လှည်းမောင်းဖို့ ခေါ်သွားတဲ့ ပျားသုံးရွာသား ကိုစိုးသူ ကိုလည်း ကျော်ရွာရောက်တော့ သတ်ပစ်လိုက်ကြတာ။ နွားလှည်းကိုလည်း မီးရှို့ပစ်လိုက်တယ်"လို့ ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ(၃၀)ရက်ကလည်း ရွှေဘိုမြို့နယ် တအုံကျေးရွာထဲကို အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက်ပြီးနောက် ကျေးရွာဒေသခံ ကိုအေးလင်းဆိုသူကို စစ်အုပ်စုက သတ်ဖြတ်သွားတယ်လို့ ရွှေဘိုနေ့စဉ်သတင်းက ဖော်ပြပါတယ်။
"တအုံကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဗိုလ်အောင်ဒင်(ခေါ်) သိန်းတိုးနဲ့ ကော့ရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးအဖွဲ့များက သေနတ်နဲ့ ပစ်သတ်သွားပြီး ဆိုင်ကယ် လေးစီးနဲ့ မိုဘိုင်း ဟန်းစက်များ ယူဆောင်သွားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်"လို့ ရွှေဘိုနေ့စဉ်သတင်းက ဖော်ပြပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ဧပြီလ နှောင်းပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ အင်အားတို့ချဲ့ကာ အကြမ်းဖက် မွှေနှောက်သောင်းကျန်းနေတာ ဖြစ်ပြီး ကျေးရွာတွေကို နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment