အရာတော် - မေ ၆၊ ၂၀၂၂။
စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသောအမျိုးသားတစ်ဦးကို မေ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြင်းမူမြို့နယ်တွင် လည်ပင်းဓားဒဏ်ရာဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ညောင်ပင်ရွာတွင် နေထိုင်သည့် အသက် ၇၀ နှစ်ခန့်အရွယ်ရှိ ဦးကြည်ဝင်းဆိုသူကို မြင်းမူမြို့နယ်ရှိ ဘဒတ်ထိုင်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်ဟု Monywa Fighter Group မှ ဗိုလ်ဇာနည် က The 74 Media ကိုပြောသည်။
"တောထဲမှာ ကြိုးတုတ်ပြီးသတ်ခဲ့တာ အဲ့မယ်သတ်ခံရတာ တရွတ်တိုက်ဆွဲသွားတာ မြေအနေအထားတွေ့ရတယ်။ သစ်ကိုင်းတွေနဲ့ အုပ်ထားတာ ခေါင်းပွန်းသွားတာ လည်ပင်းကိုလည်း ဓားနဲ့လှီးခံထားရတယ်" ဟုပြောသည်။
ဦးကြည်ဝင်း၏ ရုပ်အလောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ညောင်ပင်ရွာရှိ မိသားစုထံ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့တို့သည် မေလ ၂ ရက်နေ့က မလဲသာရွာမှ အိမ်ခြေ ၈၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဦးကြည်ဝင်းအပါအဝင်ဒေသခံ ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်ခြောက်ဦးမှာလည်း ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။
ညောင်ပင်ရွာမှ ပြန်လည်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Monywa Fighter Group၊ Black Dragon Specil Task Force ပူးပေါင်းတပ်ဖွဲ့က မေလ ၃ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးခန့် သေဆုံးခဲ့သည်။
The 74 Media
No comments:
Post a Comment