ကန့်ဘလူနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတချို့ (ပုံဟောင်း)/Photo – CJ |
မေ- ၂၉
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ယင်းတိုက်ကျေးရွာထဲ စီးနင်းဝင်မွှေ ဓားပြတိုက်ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ အကြမ်းဖက်သမား ကိုးဦး သေတယ်လို့ Armed Revolutionary Force K.U - ခင်ဦး ARF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မေ(၂၉)ရက် ညနေ(၃)နာရီကျော်က ကန့်ဘလူမြို့နယ် ယင်းတိုက်ကျေးရွာထဲ ဝင်မွှေလုယက်ပြီး ပြန်ထွက်လာတဲ့ ဆိုင်ကယ် (၁၅)စီးနဲ့ အရပ်ဝတ် စစ်ကောင်စီ အကြမ်းဖက်သမားတွေကို ခင်ဦး ARF တပ်ဖွဲ့နှင့် ကန့်ဘလူ UG အဖွဲ့ ပူးပေါင်းပြီး အနီးကပ် မျက်နှာချင်းဆိုင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ယင်းတိုက်ကျေးရွာမှ လုယက်ပြီး ထွက်လာသော စစ်ခွေးများ၊ ပျူများကို ကျွန်ုပ်တို့ ARF အဖွဲ့၊ ကန့်ဘလူ UG ပူးပေါင်း၍ ငါးပေ အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ခွေး ကိုးကောင် မုန့်ဟင်းခါး အဖြစ်သို့ ပြောင်းလဲ သွားပါသည်။ ထို့နောက် အကျအရှုံးမရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပါသည်” လို့ ခင်ဦး ARF တပ်ဖွဲ့က ဖော်ပြပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ကန့်ဘလူနယ်၊ ယင်းတိုက်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို အနိုင်ကျင့် လုယက်ဖို့ လာရောက်တာ ဖြစ်ပြီး ကာဘိုးရွာကတဆင့် ဆိုင်ကယ်(၁၅)စီး၊ အင်အား(၃၀)နှင့်လာကာ ပြည်သူပိုင် ဒိုင်နာ(၁ဝပေ)တိုတစ်စီးနှင့် ပုဇဉ်းကောင်းထွေလာဂျီ တစ်စီးကို ခိုးယူမောင်းနှင်လာချိန် မူးဘောင်ပေါ်မှာ ကန့်ဘလူ UG (စိန်ဗေဒါ)အဖွဲ့နှင့် ခင်ဦး ဒေသ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
“ထိတွေ့မှု ဖြစ်ပွားခဲ့ရာ စခ သုံးကောင် ဂိန်ပြီး ကာဘိုးသို့ ဆက်လက်ထွက်ခွာသွားသော စခ များကို ကျောက်တိုင်ရွာအလွန်တွင် မိုင်းတစ်ကြိမ်ဆွဲ တိုက်ခိုက်ရာ ဆိုင်ကယ်ပေါ်ပါ ခွေး လေးကောင် ထပ်ဂိန် ခဲ့၍ စုစုပေါင်း မွှင်းငါး ခုနှစ်ပွဲ ရရှိပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ခင်ဦးနှင့် ကန့်ဘလူနယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment