အကြမ်းဖက် စစ်အုပ်စုက ရွှေဘိုမြို့နယ် ညောင်ပင်သာရွာက ကိုပြည့်ဖြိုးအောင်ကို မိသားစုတွေရှေ့မှာပဲ သတ်ဖြတ်သွားခဲ့တယ်လို့ ဆိုပါတယ်/Photo – Shwebo Daily News |
မေ ၊ ၃
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က ကျေးရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က တစ်ရက်တည်း ရွှေဘိုမြို့နယ် ညောင်ပင်သာ၊ ဆိပ်ခွန်နှင့် နံသာကျေးရွာတွေက ဒေသခံ အရပ်သား ပြည်သူ (၁၂)ဦးကို ဥပဒေမဲ့ သတ်ဖြတ်သွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က မေ(၂)ရက်မှာ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာက ဒေသခံအရပ်သားပြည်သူ ခြောက်ဦး၊ ဆိပ်ခွန်ရွာက ဒေသခံအရပ်သားပြည်သူ တစ်ဦးနှင့် နံသာကျေးရွာက မိသားစု ငါးဦးကို သတ်ဖြတ်သွားတာလို့ ရွှေဘိုဒေသ သတင်းတွေ ဖော်ပြနေတဲ့ Shwebo Daily News က ဖော်ပြပါတယ်။
ညောင်ပင်သာရွာထဲက စစ်အုပ်စု သတ်ဖြတ်သွားသူတွေဟာ ရွာကြီးရပ်ကွက်က ကိုကျော်နိုင်၊ စက်ကုန်းက ကိုကျော်နိုင်၊ ဘိုကုန်းက ပြည့်ဖြိုးအောင်၊ ရွာလေးက ကိုဖိုးစပ်နဲ့ လင်မယားနှစ်ယောက်ဖြစ်တဲ့ ကိုဇော်မင်းအောင်နဲ့ မမြင့်စန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ညောင်ပင်သာရွာသူ ရွာသား ခြောက်ဦးထဲက တစ်ဦးဟာ စိတ်ရောဂါရှိသူဖြစ်ကြောင်းနှင့် အသက် (၂၀)ဝန်းကျင်အရွယ် ကိုပြည့်ဖြိုးအောင် ကိုတော့ အကြမ်းဖက်စစ်အုပ်စုက သူ့ရဲ့မိသားးစုရှေ့မှာတင် ပစ်သတ်ခဲ့ပြီး မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အိမ်ခြေ(၂၀၀၀)လောက်ရှိတဲ့ ညောင်ပင်သာရွာထဲကို ဧပြီ(၃၀)ရက်ကတည်းက စီးနင်းဝင်ရောက်ကာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူ မွှေနှောက်လုယက်နေလို့ တစ်ရွာလုံး ထွက်ပြေးနေရပြီး ဒီကနေ့ စစ်အုပ်စု ပြန်ထွက်သွားလို့ ရွာသူရွာသားအချို့ ရွာထဲပြန်ကပ်ချိန်မှာ လမ်းမပေါ်စွန့်ပစ်ထားတဲ့ အလောင်းတချို့ တွေ့ရှိရတာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စု ထင်တိုင်းကျဲ ဝင်မွှေလုယက် ခိုးယူသွားလို့ ရွှေထည်ပစ္စည်းနှင့် ငွေကျပ် သိန်းငါးရာလောက် ခိုးယူခံလိုက်ရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။ "ခွေးတွေက ရွာထဲရောက်တော့မှ တွေ့ကရ ပစ်သတ်တဲ့ပုံစံ အဲ့လိုလုပ်သွားတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က မနက်(၁၀)နာရီလောက်က ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာထဲကို ကားကိုးစီးနှင့် ဝင်မွှေလုယက် သောင်းကျန်းပြီး ဆိပ်ခွန်ရွာရဲ့ အနောက်ဘက် မူးဘောင်လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ အသက်(၂၂)နှစ်အရွယ် ကိုရှိုင်းဆိုသူကိုလည်း ဆိုင်ကယ်ရပ် မပေးလို့ဆိုပြီး ပစ်သတ်ကာ မသေမရှင်ဖြစ်နေချိန်မှာ မီးရှို့ခဲ့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရွှေဘိုနယ်ထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဆိပ်ခွန်ရွာထဲကို ဝင်မွှေလုယက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ရာမှာ ဆိပ်ခွန်ရွာ အနောက်ဖက်က အိပ်ခြေ ဆယ်ဂဏာန်းသာရှိတဲ့ နံသာကျေးရွာက မိသားစုငါးဦးရှိတဲ့ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အိမ်ထဲမှာ ရှိနေတဲ့ မိသားစုဝင် ငါးဦးလုံး သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ဧပြီ(၂၉)ရက်ကနေ မေလ(၁)ရက်ထိ ရွှေဘိုနယ် ကျားရွာကိုလည်း သုံးရက်ဆက် ဝင်မွှေလုယက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလို့ ကျားရွာ တောင်ရွာက အိမ်ခြေ ရာချီ မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်တိုင်းထဲက မြို့နယ်အများအပြားကို အင်တာနက် ဖြတ်တောက်ထားပြီး ကျေးရွာတွေကို အကြမ်းဖက်စီးနင်းကာ လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment