ပုလဲ၊ မေ ၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေကို မေလ ၆ ရက် ဒီကနေ့ မနက် ၉ နာရီခန့်က ရိက္ခာရှာထွက်စဥ် ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုခံခဲ့ရတာကြောင့် တပ်သား ၂ သေဆုံးခဲ့ပါတယ်။
အင်ပင်ထီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၂၀ လောက် ထွက်လာတာကို အတွင်းသတင်းရပြီး သာယာကုန်းကျေးရွာဖက်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
"သူတို့ပစ္စည်းတွေပြတ်လို့ရှိရင် ပတ်ဝန်းကျင်ရွာတွေကို ဒုက္ခပေးလေ့ရှိတယ်ဗျ။ သာယာကုန်းကျေးရွာဘက်အရောက် အင်အား ၂၀ လောက်နဲ့ ပြည်သူပိုင်ပစ္စည်းတွေ ယူဖို့အလာ အတွင်းကနေပေးတဲ့ သတင်းအရ ကျနော်တို့ ကြိုတင်စောင့်ဆိုင်းပြီးတော့ ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က ကျဆုံးမှုကတော့ ၂ ယောက်ကျတယ်။ ကျသွားတဲ့ ၂ ယောက်ကိုဝိုင်းထမ်းပြီးတော့ သူ့တို့စခန်းချတဲ့ အင်ပင်ထီးရွာဘက်ကို ထွက်ပြေးသွားတယ်" လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မူကြောင့် စစ်ကောင်စီနဲ့ပျူတွေ ကစဥ့်ကလျားနဲ့ ထွက်ပြေးသွားကြတယ်လို့ သိရပြီး၊ ဒီလှုပ်ဆောင်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ (၈)က ဗိုလ်ဒေါင်းညို ဦးဆောင်တဲ့အဖွဲ့နဲ့ ဗိုလ်နဂါး လက်အောက်ခံ မြေပြင်သိန်းငှက်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက် မနက် ၅ နာရီခန့်ကလည်း မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အပါအဝင် အခြားသော မဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကရဲဘော်တဦးနဲ့ အခြားမဟာမိတ်အဖွဲ့မှာ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment