မဲခေါင်၊ မေ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ဓနုပြောက်ကျားတပ်ဖွဲ့(DGF)မှ မေလ ၄ ရက်၊ ညနေပိုင်းအချိန်က ရွာငံမြို့ရှိ ဒလန်တစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း မေလ ၆ ရက်၊ ညပိုင်းအချိန်၌ အသိပေးထုတ်ပြန်ထားသည်။
DGF ရဲဘော်များမှ ရွာငံမြို့နယ် ၊ ဈေးတန်းရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး ဒလန်အကြီးစား ဦးတင်အိုဆိုသူကို မေလ ၄ ရက်၊ ညနေ ၅ နာရီဝန်းကျင်အချိန်က သုတ်သင်ရှင်းလင်းခဲ့ကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာမှတဆင့် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဦးတင်အိုဆိုသူက ကံကြီးတောရဘုန်းကြီးကျောင်းအနီးတွင် ၎င်း၏ ခြံမှပြန်လာသောလမ်း၌ DGF မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သုတ်သင်ရှင်းလင်းခံရသူ ဦးတင်အို၏ သတင်းပေးမှုကြောင့် ရွာငံမြို့နယ်အတွင်း နေထိုင်သည့်ပြည်သူအချို့မှာ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် များစွာအနှောင့်အယှက်အဟန့်အတားဖြစ်စေနိုင်သည့်အတွက် သုတ်သင်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း DGF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment