ကောလင်း - မေ ၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှ ကောလင်းမြို့နယ်သို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ယမန်နေ့ မွန်းလွှဲ သုံးနာရီခွဲခန့်က ကောလင်းမြို့နယ်အဝင် တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောကြောင့် နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
စစ်သည်အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း ကောလင်းမြို့နယ်အတွင်းသို့ဝင်ရောက်လာကာ ပုဇဉ်းတာကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခိုင်လုံသည့် မြေပြင် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
"ကျွန်တော်တို့ မိုင်းထောင်ထားတဲ့နေရာမှာ သူတို့ဝင်လာတာ နှစ်ယောက်လောက်တော့ လေပေါ်ပျံသွားတယ်။ နည်းနည်းတော့ ထိကြတယ်ထင်တယ်။ ဒါပေမယ့် ဆက်ပြီးတော့ စစ်ကြောင်းထိုးတက်လာနေကြတယ်" ဟုပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီစစ်ကြောင်းသည် နှစ်ဖွဲ့ခွဲကာ ကောလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေကြောင်း သူကပြောသည်။
ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ကင်းလှည့်ယာဉ်များ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး ဧပြီ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသကဲ့သို့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့နှင့်လည်း တိုက်ပွဲပြင်းထန်နေသည်။
The 74 Media
No comments:
Post a Comment