နတ်တလင်း၊ မေ၁၃၊ ၂၀၂၂။
ပဲခူးတိုင်း နတ်တလင်းမြို့နယ် ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်တွေနဲ့ သာယာဝတီခရိုင် PDF တပ်ရင်း တို့ ဒီနေ့ မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦး သေဆုံးခဲ့တယ်လို့ နတ်တလင်းမြို့နယ် PDF ပြန်ကြားရေးဆီကသိရပါတယ်။
မေလ ၁၃ရက် ဒီနေ့ ၈နာရီဝန်းကျင်မှာ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ဂွေ့ကြီးကျေးရွာနဲ့ ညောင်လေးပင်ကျေးရွာ ကြားကို ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ နတ်တလင်းPDF တို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ နတ်တလင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
" ဒီကောင်တွေဘက်က အရင်စပစ်တာ၊ ကျနော်တို့ ဘက်က တူမီးနဲ့ပဲ ပြန်ခုခံပြီး ပစ်ကြတာ၊ ဒီကောင်တွေအင်အား ထပ်ဖြည့်ပြီး ဒီနေ့ ၁၀၀ လောက် ပြန်တက်လာတာ၊ လက်နက်နဲ့ အင်အား မမျှလို့ ပြန်ဆုတ်ပေးလိုက်တယ်၊ သူတို့ဘက်က ၂ကောင်တော့ ကျတယ်" လို့ ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာလည်း နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀ နီးပါးကို နတ်တလင်း PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၄ဦးကျဆုံးခဲ့တာကြောင့် ဒီနေ့မှာ ထပ်ပြီး စစ်ကြောင်းထိုးဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအတွင်းက နတ်တလင်းမြို့နဲ့ သိပ်မဝေးလှတဲ့ နယ်မြေတခုမှာ တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်နေတာကြောင့် စစ်ဘေးရှောင်သူတွေနဲ့ တော်လှန်ရေးရဲဘော်များကို ကူညီထောက်ပံ့ကြဖို့ကိုလည်း နတ်တလင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ရှိသူက တိုက်တွန်းထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment