ရေဦး မုံတိုင်ပင်ရွာမှာ အကြမ်းဖက် စစ်အုပ်စု မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်း (၁၀) လောင်းထပ်တွေ့၊ စုစုပေါင်း (၂၉) လောင်း ရှိပြီဖြစ်
ရေဦးနယ် မကျီးအုပ်ရွာက အိမ်တွေကို အကြမ်းဖက် စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီး သွားစဥ်/Photo - CJ |
မေ -၁၃
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက တစ်ရွာဝင်တစ်ရွာထွက်သတ်ဖြတ်နေပြီး ဒီကနေ့မနက်ပိုင်း မုံတိုင်ပင်ရွာမှာ စစ်အုပ်စုသတ်ဖြတ်ထားတဲ့ အလောင်း ၁၀ လောင်းထပ်မံတွေ့ရှိတာကြောင့် စုစုပေါင်း အလောင်း ၂၉ လောင်းရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေဦးမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်အုပ်စုဟာ မေ ၁၀ ရက်က မုံတိုင်ပင်ရွာကို ဝင်ရောင်းသောင်းကျန်းပြီးဒေသခံတွေကို မီးရှို့သတ်ဖြတ်သွားတာဖြစ်ပြီး မနေ့ မေ ၁၂ ရက်ညနေပိုင်းက အလောင်း ၁၉ လောင်းတွေ့ရှိရာ ဒီကနေ့မနက်ပိုင်းတွင် မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိခြင်းဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်း ၆ နာရီခန့်ကလည်း အကြမ်းဖက်စစ်အုပ်စုဟာ ရေဦးမြို့နယ် ပေကြီးရွာကိုဝင်ရောက်ပြီး အိမ်ခြေ ၁၀၀ ကျော်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
''ကျနော်တို့နဲ့နီးတဲ့စစ်ကြောင်းက ပေကြီးကနေ မီးရှို့ပြီးထွက်လာတယ်။ စစ်ကြောင်းနှစ်ခုက တအားနီးနေတယ်။ ပေကြီးအခြေအနေက အိမ်ခြေ ၁၀၀ ကျော်လောက်မီးထဲပါသွားပြီ။ ကျန်တာတော့ တိတိကျကျမသိရသေးဘူး။ သူတို့အခုမှထွက်သွားခါရှိသေး။ ကျနော်တို့မီးငြှိမ်းနေရတာ''လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်အုပ်စုဟာ မုံတိုင်ပင်ရွာမှာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်သွားတဲ့အပြင် အိမ်ခြေ ၂၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ရေဦး (ပကဖ)က ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ရေဦးမြို့နယ် မြောက်ဖက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အကြမ်းဖက်သောင်းကျန်းသတ်ဖြတ် မီးရှို့ဖျက်ဆီးခိုးယူလုယက်နေတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မုံတိုင်ပင်ရွာအပြင် စစ်ကြောင်းတစ်လျှောက်ရှိ နှောကုန်းရွာမှာ အိမ်ခြေကိုးလုံးကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတစ်ဦးကိုသတ်ဖြတ်သွားပါတယ်။ ဒါ့အပြင် အင်ပင်ရွာက အိမ်ခြေ ၁၂ လုံးနဲ့ နွား ရှစ်ကောင်၊ ချမ်းသာရွာက အိမ်ခြေ ၂၁ လုံး၊ ဆယ်ကယ် ၁၀ စီး၊ စပါးတင်း ၅၀၀ ၊ ဆန်စက်အသေး တစ်လုံး၊ ကောက်ရိုးစင်းစက်တစ်လုံးနဲ့ မီးစက်လေးလုံး။ ဆီဆုံရွာက အိမ်ခြေ ခုနှစ်လုံး။ သံသည်ရွာက အိမ်နှစ်လုံးတို့ကို မီးရှို့ဖျက်ဆီးသွားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment