မန္တလေးပြောက်ကျားအဖွဲ့တွေရဲ့ မြို့ပေါ်တိုက်ခိုက်မှုတစ်ခု/ ဓာတ်ပုံ - CJ |
မေ - ၅
မန္တလေးမြို့ခံ ပြည်သူတွေဟာ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်မှု မရှိဘူးလို့ဆိုပြီး မြို့ခံပြောက်ကျားတပ်ဖွဲ့တွေဟာ မန္တလေးမြို့ကို စွန့်ခွါသွားပြီလို့ သူတို့ရဲ့ ဖေ့ဘွတ်ပေ့ချ်တွေကနေ ရေးသားဖော်ပြနေကြပါတယ်။
“ ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူများနေတော့ ကျွန်တော်တို့အဖွဲ့ မြို့ပေါ်ကနေ စွန့်ခွါသွားပါပြီ၊ မန်းသူမန်းသားများ စိတ်အေးချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့ နေခဲ့ကြပါတော့ “ လို့ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dragon Warrior MDY-PDF က ဗိုလ်နဂါးလေးက ပြောပါတယ်။
အလားတူ အနက်ရောင်သေမင်းအဖွဲ့ကလည်း မန္တလေးမြို့ကို စွန့်ခွါသွားပြီဖြစ်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော်တွေ၊ ဆန္ဒပြရင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို ကိုယ်ချင်းစာကြပါလို့ ဖော်ပြထားပါတယ်။
“ မဆိုင်သလို နေကြတဲ့လူတွေ များလို့ပါ “ လို့ အနက်ရောင်သေမင်းအဖွဲ့ ခေါင်းဆောင် ဗိုလ်နောင်လေးက MFP ကိုပြောပါတယ်။
ဒီလို စွန့်ခွါခဲ့တာဟာ သွေးကြောင်လို့၊ ကြောက်လို့မဟုတ်ဘဲ တော်လှန်ရေးရဲဘော်တွေနဲ့အတူ ပူးပေါင်းပါဝင်မှု အားနည်းလှတဲ့ မန္တလေးမှာ ဆက်လက်တော်လှန်နေရင်လည်း မထူးတော့ပြီဖြစ်တဲ့အတွက် နာကျင်စွာနဲ့ နှုတ်ဆက်ခဲ့ရတာဖြစ်တယ်လို့ Myanmar Revolution Rangers Force (MDY) ရဲ့ ခေါင်းဆောင် ဗိုလ်အောင်မြတ်က ပြောပါတယ်။
မန်းမြို့ပေါ်မှာ ကျွန်တော်တို့တွေ ဘယ်လိုမှ နေလို့ရတဲ့ အခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကို စွန့်ခွါသွားရပေမယ့် တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကို ပြန်လာခဲ့ချင်ပါသေးတယ် လို့လည်း ဗိုလ်နဂါးလေးက ထပ်မံ ပြောဆိုထားပါတယ်။
ကျန်တဲ့ ပြောက်ကျားအဖွဲ့တွေကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာမှ ပြောဆိုထားတာမျိုး မရှိသေးပါဘူး။
မန္တလေးမြို့ဟာ တော်လှန်ရေးကာလအတွင်းမှာ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကလပ်၊ ဘားဆိုင် အဖွင့်မပျက်၊ အထိုင်မပျက် ဖြစ်နေတယ်လို့ မြို့ခံအချို့နဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ဝေဖန်ထားကြပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment