ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ


မဲခေါင်၊ မေ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်များထဲသို့ မဖြစ်မနေဝင်ရောက်တာဝန်ထမ်းဆောင်နေရကြောင်း စစ်တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

တပ်မြို့အဖြစ်တည်ဆောက်ထားသည့် ဗထူးတပ်မြို့တွင် စစ်တပ်မိသားစုဝင်များသာ အများဆုံးနေထိုင်လျက်ရှိပြီး စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် တစ်နှစ်ကျော်အကြာတွင် ၁၈နှစ်ပြည့်ပြီး တပ်မိသားစုဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တပ်ထဲသို့ ဝင်ရောက်တာဝန်ထမ်း‌ဆောင်ခိုင်းထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"မိန်းကလေးတွေကတော့ မဝင်ချင်ကြဘူး၊ မိသားစုဝင်တွေကလည်း ပေးမဝင်ချင်ကြပေမယ့် မဝင်မနေရဆိုတော့ ဝင်နေရတာပေါ့။ တပ်ထဲမှာပဲ နေကြတာဆိုတော့ တပ်နဲ့ယဉ်ပါးနေပေမယ့် ယောင်္ကျားလေးတွေက ပြဿနာမရှိဘူး။ ၁၈၊ ၁၉ နှစ်အရွယ် မိန်းကလေးတွေကြတော့ ဝတ်ချင်စားချင်လှချင်ကြတာပေါ့။ ဒီလိုအခြေအဆိုးကြီးထဲမှာ ဘယ်သူကဝင်ချင်ကြမလဲ" ဟု ၎င်းကပြောသည်။

ထို့အပြင် တပ်သားမှစ၍ အရာရှိအထိ ဇနီးဖြစ်သူများကို အပြင်ထွက်သွားလာခွင့်ပိတ်ပင်ထားပြီး အစိုးရဝန်ထမ်းဖြစ်ပါက နေအိမ်မှသာ အလုပ်လုပ်ကိုင်စေရန် ဌာနဆိုင်များထံ အသိပေးထားပြီး ပြင်ပအလုပ်အကိုင်လုပ်ကိုင်သူများဖြစ်ပါက အလုပ်မှယာယီရပ်နားကာ တပ်ဝန်းအတွင်း၌သာ နေထိုင်စေလျက်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။

မြန်မာ့သမိုင်းတွင်လူမျိုးနှင့် နိုင်ငံလွတ်လပ်ရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဇွဲသတ္တိဖြင့် တိုက်ခိုက်ဆောင်ရွက်ခဲ့သော ကွယ်လွန်သူ ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက်မြို့၏ မြောက်ဘက် တစ်မိုင်ကွာခန့်တွင် ဗထူးတပ်မြို့ဟု အမည်ပေးထားသော တပ်မြို့တစ်မြို့ တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါဗထူးတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း တည်ရှိသလို တပ်သင်တန်းကျောင်းများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။


MeKong News - မဲခေါင်သတင်း

ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.