ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်စခန်း မီးလောင်
ပဲခူးတိုင်း၊ ထန်းတပင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ (၇၃) တပ်ရင်းနှင့် ထန်းတပင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၅၀၁၊ တပ်ခွဲ(၂)တို့ မေလ(၈)ရက်နေ့ ညပိုင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်စခန်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကောင်စီတပ်၏ ဘုမ္မတီးစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်တပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု သိရသည်။
စစ်ကောင်စီတပ်၏ အဆိုပါတပ်စခန်း မီးလောင်ပျက်စီးကာ စစ်ကောင် စီတပ်သားများ၏ သေဆုံးထိခိုက်မှုကို မသိရသေးပေ။
မေလ(၇)ရက်နေ့ကလည်း ထန်းတပင်မြို့၊ ရှားစေဖိုး၊ ရေလျှံရွာအနီး၌ စစ်ကြောင်းမှ ပြန်လာသည့် စစ်ကောင်စီတပ်သား (၂)ဦးအား KNLA နှင့် ထန်းတပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိခဲ့သေးသည်။
အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးမှာ စစ်ကြောင်းမှ ကားနှင့်အပြန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရရှိခဲ့သော်လည်း ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။
၎င်းတို့ထံ၌ ပါလာသော စာရွက်စာတမ်းများအရ ဒုတပ်ရင်းမူး နှင့် တပ်ကြပ်ကြီး ဖြစ်နိုင်သည်ဟု ယူဆထားပြီး ၎င်းတို့နှစ်ဦးသည် မေ လ(၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
No comments:
Post a Comment