ထီးချိုင့်၊ မေ ၂ ၊ ၂၀၂၂။
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၂ ရက် ဒီနေ့ညနေ ၄ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အင်အား ၁၀၀ နီးပါးပါတဲ့ အဲ့ဒီတပ်သားတွေဟာ ကသာမြို့နယ်၊ အင်းရွာကနေအိမ်တွေကိုမီးရှို့ပြီးပြန်လာချိန် ထီးချိုင်းမြို့နယ်၊ ညောင်ပင်စုနဲ့ ကိုးတဲရွာအကြားရှိ သင်္ချိုင်းကုန်းအရောက်မှာ Special 9-HPDF နဲ့ မဟာမိတ်အဖွဲ့တွေက မိုင်း ၆ လုံးဆွဲတိုက်ခဲ့ခိုက်တာလို့ အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင် MG က ပြောပါတယ်။
“ သူတို့စစ်ကြောင်းက အထက်ဘက် ကသာမြို့နယ်ထဲက အင်းရွာက အိမ်တွေကိုမီးရှို့ပြီး ထီးချိုင့်မြို့နယ်ထဲကို ဆင်းလာခဲ့တာ၊ ညောင်ပင်စုနဲ့ ကိုးတဲရွာအကြား သင်္ချိုင်းကုန်းအရောက်မှာ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းထဲရောက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်းက ၆ လုံးနဲ့တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ မြင်ခဲ့တာကတော့ ဒဏ်ရာရပြီး ကျသွားတာတော့မြင်လိုက်တယ်၊ “ လို့ သူကပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ ဦးလောက်သေဆုံးပြီး၊ ၂၀ ဦးလောက် ဒဏ်ရာရှိနိုင်တယ်လို့ သိရကြောင်း MG က ဆက်ပြောပါတယ်။
“သေမသေတော့မသိဘူး၊ အခုနောက်ပိုင်း ဒေသခံတွေဆီကသတင်းရတာက ၂၀ လောက်သေပြီး၊ ၂၀ လောက် ဒဏ်ရာရတယ်လို့သိရတယ်၊ အခုလောလောစယ် သူတို့နာရေးကားစောင့်နေတယ်၊ ရွာအပြင်ဘက်မှအလောင်းတွေကို မိုးကာအုပ်ထားတယ်လို့ သိရတယ်၊” လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Special.9-HPDF, FOX Army -HPDF, ကိုးတောင်ကျားနဲ့ ရေမြွေအဖွဲ့တို့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment